YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်း မရှိစေရေး အသိပညာပေး စတေကာကမ်ပိန်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်း မရှိစေရေး အသိပညာပေး စတေကာကမ်ပိန်းပြုလုပ်




MNP ၊ မတ်  ၁၅

ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေး၊ ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးနှင့် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှု အပြည့်အဝပေးနိုင်သည့် မြို့တွင်းဘတ်(စ်)ကား ဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ ဆူးလေကားမှတ်တိုင်နှင့် အလုံမြို့နယ်ရှိ သခင်မြပန်းခြံကားမှတ်တိုင် နေရာနှစ်ခုတွင် “ YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်းမပြုရ ” ဆိုသည့် အသိပညာပေး စတေကာကမ်ပိန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


“ YBS ယာဉ်တွေ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်လိုက်တာနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေသလို၊ မမြင်မကန်းနဲ့ ကျော်တက်မောင်းနှင်တဲ့အတွက် ယာဉ်တိုက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ယာဉ်မောင်းတွေ အနေနဲ့ ကားပေါ်တက်တာနဲ့ တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်လို့ မရဘူးဆိုတာကို အလေးအနက်ထားပြီး သိရှိစေချင်တာကြောင့် ယာဉ်မောင်းရဲ့အရှေ့ဘယ်ဘက် အပေါ်နားမှာ အသိပညာပေး စတေကာကပ်ထားတာဖြစ်ပြီး ခရီးသွားပြည်သူတွေအနေနဲ့လည်း YBS ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်လို့မရဘူးဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး ယာဉ်မောင်းအား သတိပေးပြောကြားလို့ရအောင် စတေကာကမ်ပိန်း ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း ” ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆိုသည်။


ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်း မရှိစေရေး အတွက် ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ကာ Telematics Device များဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )နှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ လည်းကောင်း တစ်ခါကျော်တက်တိုင်းတွင် ဒဏ်ငွေတစ်သောင်းကျပ် ကောက်ခံကာ စစ်ဆေးအရေးယူဆောင်ရွက် လျက်ရှိပြီး ယနေ့အထိ YBS ယာဉ်အစီးရေ (၁၀၀)ကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ သိရသည်။


လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် YBS ယာဉ်လိုင်းပေါင်း (၁၁၇)လိုင်း ယာဉ်အစီးရေ သုံးထောင်ကျော်ဖြင့် ခရီးသွားပြည်သူ (၁၅)သိန်းခန့်ကို နေ့စဉ် နံနက်(၅)နာရီကနေ ည(၈)နာရီအချိန်အထိ ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)