မြိတ်မြို့တွင် သံဃာတော်များဖြင့် မြို့တွင်းလှည့်လည် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် သံဃာတော်များဖြင့် မြို့တွင်းလှည့်လည် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ





MNP ၊  ဧပြီ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြန်မာနှစ်သစ်ကူး အခါသမယအဖြစ် ဆရာတော် သံဃာတော်များဖြင့် မြို့တွင်းလှည့်လည် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို နှစ်ဆန်း(၂)ရက်နေ့ ဧပြီ (၁၈)ရက် ညနေပိုင်းက ဒုတိယအကြိမ်မြောက် မြိတ်မြို့ ပရဟိတအသင်းများမှ ဦးစီး၍  ကျင်းပခဲ့ကြသည်။


ဦးစွာ ဇီဝိတစက္ခုဒါန သံဃာဆေးရုံ၌ မြို့နယ်သံဃနာယကအဖွဲ့(ဝေဠုဝန်)ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိဿရ နတ်မော်ကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ထိုနောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက်  တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ မြန်မာနှစ်သစ်ကူး အချိန်အခါ သမယအဖြစ် ဆရာတော် သံဃာတော်များဖြင့် မြို့တွင်း ရပ်ကွက်အသီးသီးသို့ မော်တော်ယာဉ်များနှင့် ဇီဝိတစက္ခုဒါန သံဃာဆေးရုံ အရှေ့မှစတင်ကာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဦးဆောင်၍ သံဃာတော်(၄၅)ပါးမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြ၍ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ တပည့်တကာများဖြင့် လိုက်ပါ၍ ပရိတ်ရေ၊ ပရိတ်သဲများ ကြဲပက်ပူဇော်ပေးခဲ့ကြရာ လမ်းတလျှောက် မြို့သူမြို့သားက ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment