နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများ စျေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများ စျေးကောင်းရရှိ



MNP ၊  ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများ စျေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့အနေနဲ့  ရာသီမရွေး မြေအောက်ရေသွင်းခြင်းဖြင့်  အသီးအနှံများစိုက်ပျိုးရန်အတွက် ထယ်ရေးပြုပြင်ဆောင်ရွက်ရပါတယ်၊ ပြုပြင်ပြီးမြေပေါ်မှာ မိမိစိုက်ပျိုးလိုတဲ့ အသီးအနှံများကို စိုက်ပျိုးကြတာပေါ့ဗျာ၊ ဖူးစားပြောင်းအမျိုးအစားအနေကတော့ ထိုင်ဝမ်တံဆိပ်များဖြစ်တဲ့ ပံ(အဖြူ)၊ ပံ(အဝါ)၊ နှင်းဆီ(ဖြူ)၊ နှင်းဆီ(အဝါ)နဲ့ လေယာဉ်စိမ်းမျိုးများရှိပြီး မြန်မာဖူးစားပြောင်းကတော့ စားသုံးသူကြိုက်နှစ်သက်မှုနည်းသွားတာကြောင့် စိုက်ပျိုးမှုမရှိသလောက်ပါဘဲဗျ၊  ခုစိုက်ပျိုးထားတာတော့ စိုက်ပျိုးရေးဆိုင်များမှ တစ်ဘူးကို(၂၄၀၀၀)ကျပ်နဲ့ သွားရောက်ဝယ်ယူထားရှိတဲ့ လေယာဉ်စိမ်းတံဆိပ်ဖူးစားပြောင်း စိုက်ထားတာပါ။ ဖူးစားပြောင်းကို စိုက်မယ်ဆိုရင်  ပင်ကြားတန်းကြား (၁)တောင်ပတ်လည်ထားရှိရပါတယ်၊ ရေပေးသွင်းမှုအနေကတော့ မိုးရာသီနဲ့ဆောင်းရာသီမှာ (၄)ရက်ခြားတစ်ကြိမ်ပေးသွင်းရပြီး ခုလိုပူပြင်ရာသီမှာဆိုရင် ရေအစိုဓာတ်ကြိုက်နှစ်တာကြောင့်(၁)ရက်ခြား ပေးသွင်းရပါတယ်၊  စိုက်ပြီး ရက်(၂၀)သားရှိရင် အပင်ခြေရင်းအားမြေကိုဆွပေးပြီး မြေဩဇာကျွေးပေးရပါတယ်၊ (၄၅)ရက်ပြည့်တဲ့အခါမှာ အဖူးစဖူးပြီး(၆၅)ရက်ဆိုရင် ရောင်းတန်းဝင် ဖူးစားပြောင်းများ စတင်ခူးယူလို့ရပါပြီ၊ ထွက်ရှိလာတဲ့ ဖူးစားပြောင်းများကို ယာထဲမှာ လာဝယ်တဲ့သူရှိသလို မြို့မစျေးကိုလည်း တင်ပို့ရောင်းချပါတယ်၊ လက်လီစျေးအနေနဲ့ တစ်ဖူးကို(၃၅၀)ရောင်းရပြီး လက်ကားစျေးအနေနဲ့ကတော့ (၃၀၀) ရောင်းရပါတယ်”ဟု ဖူးစားပြောင်းစိုက်ပျိုးသူ ကိုကျော်ကျော်က ပြောသည်။


နတ်မောက်မြို့နယ်ပတ်ဝန်းကျင်ရှိ န/လက်ခုပ်ပင်၊ ကြူအိုင်၊ အင်းကုန်းစသည့်ကျေးရွာများသည် မြေအောက်ရေသွင်းခြင်းဖြင့် တိုင်ထောင်ပဲ၊ မုံလာဥဖြူ၊ မြန်မာနံနံ၊ မြိတ်စားကြက်သွန်၊ ခရမ်း၊ ဖူးစားပြောင်း၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရုံ၊ ဗူး၊ မုံညင်း၊ ဆလတ်စသည့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို ရာသီမရွေးစိုက်ပျိုး လျက်ရှိသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)