MNP ၊ ဧပြီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာအုပ်စု၊ မူးခွကျေးရွာနှင့် ကန့်ဘလူမြို့နယ်၊ ခါးတောင်ရင်းကျေးရွာအုပ်စု၊ ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၃၀-၄-၂၀၂၃) နံနက်ခင်း (၈ ၂၄) မိနစ် မင်္ဂလာအချိန်က စတင်၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
၎င်းတံတားကြီးသည် တံတား အရှည် (၆၁၀)ပေ၊ အကျယ် (၁၁)ပေ၊ အရှေ့ဘက် ချည်းကပ်လမ်း (၁၁၅၀)ပေ၊ အနောက်ဘက် ချည်းကပ်လမ်း (၂၀၀)ပေ ရှိကြောင်း၊ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားကြီးတည်ဆောက်ပြီးစီးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်လှူဒါန်းခဲ့ပြီး မူးခွကျေးရွာသူ/ရွာသားများ၊ တန့်ဆည်မြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ကန့်ဘလူမြို့နယ်/ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ၊ ကန့်ဘလူမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူး၊ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ကန့်ဘလူခရိုင် လဝက ဦးစီးမှူး၊ တန့်ဆည်မြို့နယ်မှ နယ်မြေခံ ဗိုလ်ကြီးကျော်သူရိန်၊ ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်)တို့ ဦးဆောင်၍ ကန့်ဘလူခရိုင် ဗျူဟာမှူးကြီးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စီမံဆောင်ရွက်ပေးခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက သံစုံတီးဝိုင်း၊ အကလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်မှ မိသားစုများက ရပ်နီးရပ်ဝေးမှ လာရောက်ကြသော ဧည့်ပရိတ်သတ် ၂၀၀၀ ကျော်ကို ဆန်(၁၅)တင်း ချက်၍ ထမင်း၊ ဟင်း၊ အချိုရည် အဟာရ ဒါနပြုခဲ့ကြောင်း သိရသည်။
#MyanmarNationalPost







No comments:
Post a Comment