အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်နှင့် ဘတ်/ကျပ် ငွေကြေးတိုက်ရိုက်အသုံးပြုပေးချေရေးစနစ်များ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေးသုံးစွဲမှုတိုးမြှင့်ရန်အတွက် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်၍ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်ဘဏ်များ၊ State Bank of India နှင့် Punjab National Bank, Yangon Representative Office တို့မှ ကိုယ်စားလှယ်များပါဝင်သည့် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ပူးပေါင်းပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားဆောင်ရွက်မည့် ရူပီး/ကျပ် ငွေပေးချေမှုစနစ် Concept Paper တစ်ရပ် ဖော်ထုတ်ခဲ့ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ်(Reserve Bank of India) မှ သဘောတူပြီးဖြစ်ကြောင်း၊ Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) account လက်ခံ ဆောင်ရွက်ရမည့် designated bank အဖြစ် သတ်မှတ်ထားကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံအနေဖြင့် အားသာချက်များရှိကြောင်းနှင့် နှစ်နိုင်ငံ ဗဟိုဘဏ်များ သဘောတူပြီး ငွေပေးချေမှု ပုံစံနည်းလမ်းများကိုဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် သက်ဆိုင်ရာအစိုးရဌာနများမှ အကြီးအကဲများ၊ ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရူပီး/ကျပ် တိုက်ရိုက် ငွေပေးချေမှုစနစ် ဆောင်ရွက်ခြင်းတွင် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုအတွက်လည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းစနစ် လမ်းညွှန်ချက်နှင့်အတည်ပြုချက်ရရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်း ရှင်များထံသို့ ရူပီး/ကျပ် အကောင်အထည်ဖော်မှုအစီအစဉ်များ အသိပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုလည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
ထပ်မံပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Vinay Kumar နှင့်အဖွဲ့တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံစဉ် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း Bengal Initiative for MultiSectoral Technical and Economic Coo-peration (BIMSTEC - ဘင်းစတက်)အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ အခန်းကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ သုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်သွင်းတင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ဒေါ်လာအပေါ် မှီခိုမှု လျှော့ချဖို့နဲ့ ရူဘယ်၊ ယွမ်၊ ရူပီးတို့ကို အသုံးပြုသွားဖို့ ဆွေးနွေးပြောကြားခဲ့အပြီးမှာ အိမ်နီးချင်းနိုင်ငံများနဲ့ ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွေမှာ နှစ်နိုင်ငံငွေကြေးများ တိုက်ရိုက်ပေးချေ အသုံးပြုနိုင်ရေးအကောင်အထည်ဖော် ဆောင်ရွက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ကုန်သွယ်ရေးအတွက် နှစ်နိုင်ငံငွေကြေး တိုက်ရိုက်ပေးချေအသုံးပြုနိုင်ရေး သဘောတူညီချက်တွေ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာလည်း ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)၏ မျက်နှာစုံညီ အစည်းအဝေးမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် လူသားများ အသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှု ရှိရေး(Food Security)သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိ လူသား များ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါ ကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ဆိုသည်မှာ နိုင်ငံတစ်ခု အတွင်း နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ် များစွာ တိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင် သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ် လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
စားနပ်ရိက္ခာလုံခြုံရေး (Food Security) တွင် အဓိကကျသော စိုက်ပျိုးရေး အတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူ ပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့ နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲ ပြီး ဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှု ခံနေရပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များတွင် နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ပါကြောင်း၊ ထို့အပြင် တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System)ကိုလည်း ဒေါ်လာ အစားထိုး ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံငယ် များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှုအခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အင်အားကြီး မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလို ပါကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှာ နှစ်နိုင်ငံငွေကြေး တိုက်ရိုက်ပေးချေအသုံးပြုမှုတွေ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
#MyanmarNationalPost




No comments:
Post a Comment