အညာဒေသက ရွာသူ/ရွာသားတွေ ဘာကြောင့် ပြေးလွှား တိမ်းရှောင်နေကြရတာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အညာဒေသက ရွာသူ/ရွာသားတွေ ဘာကြောင့် ပြေးလွှား တိမ်းရှောင်နေကြရတာလဲ


ရင်ဆိုင်ကြုံတွေ့လာရတဲ့ အတိဒုက္ခတွေမှာ အကြောင်းဆိုတာ ရှိပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ သဘောကို တခြားသူတွေသာ မသိရင် နေရမယ်။ မြန်မာလူမျိုးတွေက ကောင်းကောင်းကြီး သိပါတယ်။ စစ်ကိုင်းဒေသကြီးထဲက ရွာသူရွာသားတွေ ပြေးလွှားပုန်းရှောင်နေရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်မှာ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဒေသခံ ရွာသူရွာသားတွေ ပြေးလွှားတိမ်းရှောင်နေရတာကို တပ်မတော်ကြောင့် ပြေးလွှားပုန်းရှောင်နေရတဲ့ သဘောမျိုး ဖန်တီးရေးသားကြတာ ရှိပါတယ်။ အထူးအားဖြင့်တော့ Khit Thit Media ၊ Myanmar Now တို့မှာ သတင်းမဟုတ်ဘဲ သူတို့ဆန္ဒရှိသည့်အတိုင်း ရေးသားဖော်ပြနေကြတာတွေကို တွေ့ရပါတယ်။

ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖော်ပြနေမှုတွေအပေါ် စာရေးသူတို့အနေနဲ့က သိရှိပြီးသား ဆိုပေမယ့် ပြည်သူများကြားမှာ သို့လော သို့လော အတွေးတွေ ဖြစ်ပေါ်စေပါတယ်။ ပြည်သူအများကို သိရှိနားလည်စေလိုတဲ့အတွက်သာ ဒီဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်။ 

ကျွန်တော်တို့က အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံသူတွေ မဟုတ်ဘူး။ အကြမ်းဖက်နှိမ်နင်းရေးမှာလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းတွေကို NLD ဦးဆောင်သူများက ဖွဲ့စည်းခဲ့တယ်။ အကြမ်းဖက်နှိမ်နင်းရေးကို တပ်မတော်က ဦးဆောင်ပြီး လုပ်နေရတယ်။ ကျွန်တော်တို့ဟာ မီဒီယာဖြစ်တဲ့အတွက် ပြည်သူတွေကို အတိဒုက္ခရောက်အောင် ဖန်တီးနေတာ ဘယ်သူတွေလဲ ဆိုတာကိုတော့ ပြည်သူအများ ရှင်းရှင်းလင်းလင်း သိမြင်ဖို့ သစ္စာတရားကို လက်ကိုင်ထားပြီး ရေးသားဖော်ပြပါ့မယ်။

ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်တွေမှာ NLD အစွန်းရောက်များဖွဲ့စည်းထားတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံရဲ့ ဘေးအန္တရာယ်ကို ခုခံကာကွယ်နိုင်ဖို့ ပြည်သူတွေကို လှည့်လည်စည်းရုံးနေတဲ့ ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) ဆိုရင် အားလုံး သိကြမယ်ထင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများက ဆရာတော်ကို လေးစားအားကျတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြတဲ့ NLD အစွန်းရောက်တွေက ဆရာတော်ကို သတ်နိုင်ရင် သိန်း(၅၀၀) ပေးမယ်။ သိန်း(၁၀၀၀) ပေးမယ် ဆိုသည်အထိ ဆုငွေထုတ်ပြီး သတ်ခိုင်းနေကြတာမျိုး ရှိပါတယ်။

ဆရာတော်ဟာ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာမှာ သီတင်းသုံးပါတယ်။ ဆရာတော်ရဲ့ ဇာတိက တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတဲ့ အခြေအနေကို အမှန်အတိုင်း သိစေလိုခြင်းသာ ဖြစ်ပါတယ်။ ဆရာတော်က KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်တွေ လိုက်လံဖွဲ့စည်းနေပြီဆိုတဲ့ အချိန်မှာ ဆရာတော်ရဲ့ ဖခမည်းတော်၊ မိခင်၊ အစ်မတွေက ဝိုင်းတားကြပါတယ်။ အကြောင်းကတော့ တပ်မတော်ကို ကြောက်လို့ မဟုတ်ပါဘူး။ KIA/PDF တွေက ဆရာတော်ကို လာသတ်မှာ ဖြစ်တဲ့အတွက်ကြောင့် မလုပ်ဖို့ တားမြစ်ကြခြင်း ဖြစ်ပါတယ်။ ဆရာတော်က အားလုံးရဲ့ တားမြစ်မှုကို ဆန့်ကျင်ပြီး သူ့အလုပ်ကို သူဆက်လုပ်ခဲ့ပါတယ်။

ဆရာတော်က အဲဒီလိုတွေ လုပ်နေလေ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာမှာ ရှိတဲ့ ဖခမည်းတော်နဲ့ မယ်တော်ကြီးအပါအဝင် ညီအစ်ကို မောင်နှမတွေအတွက် အန္တရာယ်များလေပါပဲ။ မူးခွကျေးရွာမှာ နီပိန်းအုပ်စုက အသာစီးဖြစ်နေတဲ့အတွက်ကြောင့် ဆရာတော်လည်း ရွာပြန်လို့တောင် မရပါဘူး။ နီပိန်းတွေက PDF ဆိုပြီး ဖွဲ့တယ်။ စစ်တပ်လာရင် ပြေးခိုင်းလို့ ပြေးရတယ်။ ဆရာတော်ရဲ့ ဖခမည်းတော်၊ မယ်တော်တို့လည်း ပြေးဆိုတော့ ပြေးရတယ်။ တပ်က ပြေးခိုင်းတာ မဟုတ်ပါဘူး။ PDF ဆိုတဲ့ နီပိန်းများက ပြေးခိုင်းလို့ ပြေးရတာပါ။ ဆရာတော်ရဲ့ မယ်တော်ကြီး ကိုယ်တိုင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ကို တော်လှန်မယ်ဆိုတဲ့ နီပိန်းများဟာ တပ်မတော်စစ်ကြောင်းလာရင် တိုက်ထုတ်တာမျိုး မဟုတ်ဘဲ တစ်ရွာလုံးကို ပြေးခိုင်းတာ ဖြစ်ပါတယ်။ စစ်ကြောင်း မရှိတော့ဘူးဆိုရင် ရွာထဲ ပြန်ဝင်လာပါတယ်။ သူတို့က ပြေးဆိုတဲ့အချိန်မှာ မပြေးဘဲ ရွာထဲကျန်နေခဲ့တဲ့သူတွေကိုတော့ ဒလန်၊ စစ်ကြောင်းကို သတင်းပေးတဲ့သူဆိုပြီး ရန်ရှာပြီး သတ်တော့တာပါပဲ။ အဲဒါက အခုမှ မဟုတ်ပါဘူး။ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကတည်းက စပြီး နီပိန်း PDF ဆိုသူတွေက လုပ်နေတဲ့ အလုပ်ပါ။ ရွာထဲမှာ ရှိတဲ့ အဖိုးအို၊ အဖွားအိုမကျန် ကလေးငယ်တွေပါ တောထဲ တောင်ထဲမှာ စားစရာမရှိ၊ သောက်စရာ ရေမရှိ နီပိန်းတွေ ဒုက္ခပေးသမျှကို ခံခဲ့ကြရတယ်။

ဆရာတော်အနေနဲ့ ပြည်သူ့စစ်အင်အား အသင့်အတင့် တောင့်တင်းလာပြီဆိုတဲ့ အချိန်မှာ မူးခွရွာဘက်ကို ချီတက်ခဲ့ပါတယ်။ ဘယ်ကောင်လည်း PDF ဆိုပြီး စိန်ခေါ်ထုတ်ရပါတယ်။ "ရွာထဲ ရပ်ထဲမှာ နေရင် ရွာသူ/ရွာသားတွေကို ဒုက္ခမပေးနဲ့။ အေးအေးဆေးဆေးနေ။ ကိုယ့်ရွာကိုယ် မဖျက်ဆီးနဲ့။ အဖျက်အမှောင့်လုပ်မှာ ဆိုရင် ရွာထဲမှာ မနေနဲ့။" အကြမ်းစားတရားဟောပြီး နီပိန်း PDF တွေကို စတင်နှိမ်နင်းရပါတယ်။ မူးခွရွာမှာ တခါတည်း ပြည်သူ့စစ်ဖွဲ့စည်းပေးခဲ့တယ်။ 

စာရေးသူတို့ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာကို ရောက်သွားတဲ့အချိန်မှာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ တွေ့ဆုံခွင့် ရပါတယ်။ ရွာထိပ်မှာ ပြည်သူ့စစ်ကင်းတဲ ချထားရပါတယ်။ ရွာထဲမှာ ဘာသာရေးပွဲ လုပ်ရပ် PDF တွေက လာပြီး ချောင်းမြောင်းပစ်ခတ်တယ်။ ပြည်သူ့စစ်တွေက ခုခံကာကွယ်ရတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် ရွာထဲမှာ ပဋ္ဌာန်းပွဲ လုပ်တာကိုတောင် နီပိန်း PDF များက Drone နဲ့ Drop Bomb လာချတယ်။ အဲဒီအချိန်က ပြည်သူ့စစ်တွေမှာလည်း လက်နက်မပြည့်စုံသေးပါဘူး။ ခွဲတမ်းချပြီး ပေးထားတဲ့ လက်နက်နဲ့ ဖြစ်သလို ကာကွယ်ကြရတာပါ။ ရွာသူ/ရွာသားတွေ လယ်ထဲ ယာထဲ သွားတဲ့လမ်းမှာ နီပိန်း PDF များက မိုင်းလာထောင်ထားတယ်။ ပြည်သူ့စစ်တွေက လိုက်လံ ဖော်ထုတ် ရှင်လင်း ရတယ်။ ပြည်သူ့စစ်တွေ ဖော်ထုတ်ရှင်းလင်းခဲ့ရတဲ့ နင်းမိုင်းတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပါတယ်။

ပြည်သူ့စစ်တွေနဲ့ ဒေသအခြေအနေ မေးမြန်းပြီးချိန်မျာ ဆရာတော်က ဖခမည်းတော်၊ မယ်တော်ကြီး တို့ထံ ခေါ်သွားပါတယ်။ ဆရာတော်ရဲ့ ဖခမည်းတော်အိမ်ရဲ့ မျက်စောင်းထိုးက နီပိန်း PDF ခေါင်းဆောင်ရဲ့ အိမ်ပါ။ ဆရာတော်က "အဲဒီကောင်ကို မောင်းထုတ်ထားရတာ။ ရွာထဲမှာ နေချင်ရင် အေးအေးဆေးဆေးနေ။ အဖျက်အမှောင့် လုပ်မှာဆိုရင် မနေနဲ့ ဆိုတော့ ဒီကောင်လစ်သွားတာ" လို့ မိန့်ပါတယ်။

ဆရာတော်ကြွလာတယ်ဆိုတော့ ဆွေမျိုးနီးစပ်တော်တဲ့ အဖွားအိုတွေလည်း ရောက်လာတယ်။ ဆရာတော် က ဖခမည်းတော်၊ မယ်တော်ကြီးတို့နဲ့ မိတ်ဆက်ပေးပြီး အနီးပတ်ဝန်းကျင်က ရောက်လာတဲ့ အဖွားအိုတွေကို မေးငေါ့ပြပြီး "ခင်များတို့ အဲဒီ အဖွားတွေကို မေးကြည့်။ သူတို့ ဘယ်လိုပြေးခဲ့ရသလဲဆိုတာ ပြောပြလိမ့်မယ်။" လို့ မိန့်ကြားပါတယ်။ အဖွားအိုတွေ ဘက်ကိုလည်း "ပြောပြလိုက်လေ၊ ဘယ်လို ပြေးခဲ့ရတယ်ဆိုတာ ပြော၊ PDF က ပြေးခိုင်းတာလား၊ တပ်က ပြေးခိုင်းတာလား ပြောပြလိုက်" လို့ မိန့်ပါသေးတယ်။

ပြေးလွှားနေရချိန်မှာတော့ ဒုက္ခ၊ အခု ပြန်ပြောပြတော့ ဟာသ လိုပေါ့။ အဖွားအို နှစ်ဦး က "ဒုက္ခတွေလည်း များပါတယ်၊ သူက ပြေးဟေ့ဆိုရင် ပြေးရတာ။ တောထဲ တောင်ထဲ ရေမှ သောက်စရာမရှိ။ မှတ်ကိုက် ခြင်ကိုက်နဲ့ နေရတာပါ" လို့ ပြောပြပါတယ်။ ဆရာတော်က သူ့ဇာတိရွာ အခြေအနေနဲ့ ပတ်သက်ပြီး "ဒီကောင်တွေက ကျုပ်ကို ပစ်မှတ်ထားနေတာ ဆိုတော့ မယ်တော်ကြီးတို့ကို တစ်ခုခု လုပ်သွားမှဖြင့်ဆိုပြီး စိတ်တော့ပူတာပေါ့။ ရဟန်းဒကာမတွေကလည်း ဖုန်းဆက်တယ်။ ဒီအလုပ်တွေ ဆက်မလုပ်နဲ့တဲ့။ နောက်တစ်ခါဖုန်းမဆက်နဲ့လို့ ပြောပစ်လိုက်ရတယ်။" လို့ မိန့်ပါတယ်။

ဆရာတော်ရဲ့ ဇာတိရွာဟာ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ အထက(ခွဲ)ကျောင်း ရှိတဲ့ ရွာပါ။ ဆရာတော်ရဲ့ အမဝမ်းကွဲတွေက ကျောင်းဆရာမတွေပါ။ သူတို့မှာ CDM ပဲ လုပ်ရတော့မှာလိုလို စာသင်ပေးရတော့မှာလိုလို။ နီပိန်း PDF တွေကို ကြောက်နေရတဲ့ အခြေအနေမှာ ဆရာတော်ရောက်သွားတော့မှပဲ ပြည်သူ့စစ်ဖွဲ့စည်းပြီး ကျောင်းဖွင့်နိုင်တဲ့အခြေအနေမျိုးကို ရပါတော့တယ်။

အခု ရက်ပိုင်းအတွင်းမှာလည်း အညာဒေသက ဒေသခံရွာသားတွေ တိမ်းရှောင်နေကြရတဲ့ ဓာတ်ပုံတွေကို ဝေဝေဆာဆာ ပြပြီး တပ်က လုပ်လို့ပဲ တိမ်းရှောင်နေရသယောင် ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့မှာ ရေးသားဖော်ပြတာတွေ တွေ့နေရပါတယ်။ တပ်မတော် စစ်ကြောင်း သွားရခြင်းအကြောင်းဟာ ဒေသခံပြည်သူတွေကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ KIA/PDF ကို ရှင်းလင်းဖယ်ရှားဖို့သာ ဖြစ်ပါတယ်။ ဒေသခံတွေက KIA/PDF အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်နေတယ်ဆိုရင်တော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ ပြေးကြပါလိမ့်မယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အချိန်မှာ PDF နဲ့ ပတ်သက်တာ မရှိဘူး။ ဆက်နွယ်မှုမရှိဘူးဆိုရင်တော့ ဘာမှ အရေးယူခံစရာ မရှိပါဘူး။

ဒေသခံပြည်သူတွေကို စာရေးသူအနေနဲ့ အကြံပြုချင်တာတော့ ရှိပါတယ်။ KIA/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံအားပေးနေမယ်ဆိုရင်တော့ အေးချမ်းမှု ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး။ ဒေသခံ ပြည်သူများအနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို မလိုလားဘူးဆိုရင် တပ်မတော်စစ်ကြောင်းများ လာတယ်ဆိုရင် တွေ့ဆုံပါ။ စစ်ကြောင်းမှ တာဝန်ရှိသူများကို တင်ပြဖို့ အကြံပြုချင်တာပါ။ "ဗိုလ်ကြီး တို့ အခုလို စစ်ကြောင်းချီလာပြီး အလောသုံးဆယ် ပြန်မသွားပါနဲ့။ ဗိုလ်ကြီးတို့ ပြန်သွားရင် KIA/PDF က ဝင်လာပြီး ဒုက္ခပေးပါတော့မယ်။ အခု စစ်ကြောင်းလာလို့ KIA/PDF တွေ တိမ်းရှောင်နေကြပါတယ်။  ကျွန်တော်တို့ ကျွန်မတို့က သူတို့ပြေးခိုင်းတိုင်း မပြေးတဲ့ အတွက် ကျွန်တော်/ ကျွန်မ တို့ကို ဒလန်၊ သတင်းပေးဆိုပြီး သတ်ကြပါလိမ့်မယ်။ ဗိုလ်ကြီးတို့ စစ်ကြောင်း မပြန်ပါနဲ့။ ပြန်မယ်ဆိုရင်လည်း ကျွန်တော်/ ကျွန်မတို့ကို ဘေးလွတ်ရာအထိ ခေါ်သွားပေးပါ။" လို့ တခါတည်း တင်ပြခြင်းအားဖြင့် အန္တရာယ်တွေကြားမှာ ပြေးလွှားနေစရာ မလိုတော့ပါဘူး။ ဒါမှလည်း စစ်ကြောင်းထိုးသူတွေအနေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမှန်ကို သိရှိပြီး ကူညီမှုပေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now တို့မှာ လုပ်ကြံဖန်တီးရေးသားနေတာတွေအပေါ်မှာ ဟုတ်လိမ့်နိုးနိုး ဆင်ကန်းတောတိုး ယုံကြည်နေမယ်ဆိုရင်တော့ မိမိတို့ကိုယ်တိုင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ ဒေသခံပြည်သူတွေ ပြေးလွှား ပုန်းရှောင်ရတယ်ဆိုတာ တပ်က ပြေးခိုင်းတာမဟုတ်ဘူး။ PDF အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားခြင်းခံရမှာကို ကြောက်လန့်ပြီး ပြေးလွှားတိမ်းရှောင်နေကြရတာကိုတော့ သဘောပေါက် နားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)