EV ပေါ်လစီမှသည် ပြည်သူ့အကျိုးစီးပွားဆီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EV ပေါ်လစီမှသည် ပြည်သူ့အကျိုးစီးပွားဆီ


လျှပ်စစ်သုံးယာဉ်(Electric Vehicle-EV)များ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးစေရန် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော် အဆင့်ဖွဲ့စည်းပြီး ပေါ်လစီများချမှတ်ကာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

ယခုအခါ လျှပ်စစ်သုံးယာဉ်( Electric Vehicle-EV) များ စနစ်တကျတင်သွင်းစေခြင်း၊ Charging Stationများ တည်‌ဆောက်ခြင်းတို့ဖြင့် နိုင်ငံတော်က အကောင်အထည်ဖော်လျက်ရှိသည့် EV ပေါ်လစီ သည် အသက်ဝင်နေပြီဖြစ်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် လျှပ်စစ်သုံးယာဉ် ဆိုင်ရာ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို ရေးဆွဲ ပြုစုထားပြီး ဖြစ်သည်။ ထို့ပြင် EV ယာဉ်များကို ပြည်ပမှတင်သွင်းမှု ပြုရာမှသည် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည်အထိ ရေရှည် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဖော်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်သည်။ ထို့အတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအားနှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိုလည်း ဦးဆောင်ကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။


EV အမျိုးအစား လေးမျိုးရှိ

EV ယာဉ်များသည် Battery မှ သိုလှောင်ထား သည့် လျှပ်စစ်ဓာတ်အားဖြင့် မော်တာကို အသုံးပြု ပြီး လည်ပတ်မောင်းနှင်ရွေ့လျားစေသော ယာဉ် အမျိုးအစားဖြစ်သည်။ EV များကို အမျိုးအစားခွဲခြား လေ့လာကြည့်သည့်အခါ Battery Electric Vehicle(BEV) ၊ Hybrid Electric Vehicle(HEV) ၊ Plugin Hybrid Electric Vehicle(PHEV) နှင့် Fuel Cell Electric Vehicle (FCEV) ဟူ၍ ယေဘုယျအား ဖြင့် အမျိုးအစား လေးမျိုးတည်ရှိသည်။

လျှပ်စစ်သုံးယာဉ်များ၊ အားသွင်းစက်များနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းထုတ်လုပ်လိုပါက သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ဦးဆောင်ကော်မတီထံ အဆိုပြုလွှာများ တင်သွင်းရမည်ဖြစ်သည်။ ဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့်ပုံစံ၊ တင်သွင်း ထုတ်လုပ်အသုံးပြုမည့် ယာဉ်အမျိုးအစား၊ မူရင်းထုတ်လုပ်သည့်ကုမ္ပဏီနှင့် ဆက်သွယ်ထားရှိမှု၊ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ အရည်အသွေး ပိုင်းဆိုင်ရာနှင့် စံချိန်စံညွှန်းဆိုင်ရာ အချက်အလက်များ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးမည့် အစီအစဉ်၊ အများပြည်သူသုံး Level 3 သို့မဟုတ် Level 2 အဆင့် အားသွင်းစက်များ ဆောင်ရွက်ပေးနိုင်မည့်အစီအမံများကို အဆိုပြုလွှာတွင် ပြည့်ပြည့် စုံစုံဖော်ပြထားရမည်ဖြစ်သည်။


မူဝါဒများနှင့်အညီ

ထိုသို့ မူဝါဒများနှင့်အညီ အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများကို ဦးဆောင်ကော်မတီသည် တွေ့ဆုံဆွေးနွေးကာ လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည့် ကုမ္ပဏီများကို ခွင့်ပြု ပေးလျက်ရှိသည်။ ထိုသို့လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသည့်ကုမ္ပဏီများသည် သွင်းကုန်လိုင်စင်ရရှိ နိုင်ရေးအတွက် သက်ဆိုင်ရာစံချိန်စံညွှန်းများ၊ အထောက်အထားများကို ဦးဆောင်ကော်မတီထံ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက စိစစ်ပြီးစံချိန်စံညွှန်းများ၊ အထောက်အထားများ ပြည့်စုံပါက ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်အရ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးသွား မည်ဖြစ်သည်။

EV ယာဉ်များ တင်သွင်းရောက်ရှိလာပါက သွင်းကုန်ပါမစ်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန် ဖော်ပြချက်၊ ကြိုတင်ဝင်ငွေခွန်ဆောင်ပြီးကြောင်း အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံ မှန်ကန်မှုရှိပါက ကနဦးမှတ်ပုံတင်ခ ပေးသွင်းကာ မှတ်ပုံတင်စာအုပ်နှင့် သက်သေခံလက်မှတ်များကို ထုတ်ပေးလျက်ရှိသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများအတွက် အခွန်နှင့်ပတ်သက်သည့် သက်သာခွင့် အစီအစဉ်များကို ဦးဆောင်ကော်မတီက ခွင့်ပြုထားဖြစ်သည်။ လက်ရှိ ကနဦးစီမံကိန်းကာလတွင် Battery Electric Vehicle(BEV) အမျိုးအစားကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ယင်းယာဉ်အမျိုးအစားအတွက် မြန်မာ့အကောက်ခွန် စာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန် နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ် ပေးထားကြောင်း သိရသည်။ လျှော့ချသတ်မှတ်မှု အကျုံးဝင်သည့် Battery Electric Vehicle(BEV) ယာဉ်အမျိုးအစားများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

(က)    လမ်းမပေါ်တွင် မောင်းနှင်နိုင်သည့်နောက်တွဲ ယာဉ်ကိုဆွဲသည့်ယာဉ်(Road tractor for semi-trailer)

(ခ) ယာဉ်မောင်းအပါအဝင် ၁၀ ဦး သို့မဟုတ် ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည် မော်တော်ယာဉ်(Bus)(Motor Vehicles for the transport of ten or more person including the driver)

(ဂ)     ကုန်တင်ယာဉ်(Truck)

(ဃ)    လူစီးယာဉ်(Motor Vehicles for the transport of person)

(င)     သုံးဘီးတပ်ယာဉ်(လူစီး)(Three-Wheeled Vehicles for transport of person)

(စ)     သုံးဘီးတပ်ယာဉ်(ကုန်တင်)(Three-Wheeled Vehicles for transport of Goods)

(ဆ)    လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ် (Electric Motorcycle)

(ဇ)     လူစီးနှစ်ဘီးတပ်လျှပ်စစ်စက်ဘီး (Electric Bicycle)

(ဈ)     လူနာတင်ယာဉ်(Ambulances)

(ည)    ထောင်ကား(Prison Vans)

(ဋ)     နိဗ္ဗာန်ယာဉ်(Hearses)


ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (BEV) များကို ၂၀၁၅ ခုနှစ် ဧပြီ ၂၂ ရက်မှစတင်၍ ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ သုညရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုထားသည့်အပြင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့အနေဖြင့် လျှပ်စစ် သုံးယာဉ်များအပေါ် ၂၀၂၃-၂၀၂၅ အထိ ၁၀၀ ရာခိုင်နှုန်း ဘီးခွန် ကင်းလွတ်ခွင့်၊ မြို့ဝင်ကြေး၊ လမ်း အသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန်တို့ ကင်းလွတ်ခွင့်ပြု သွားမည်ဖြစ်သည်။

ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန် - မန္တလေးအမြန်လမ်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်သောလမ်း၊ ကျန်ပြည်ထောင်စုလမ်း များနှင့် တိုင်းဒေသကြီး/ပြည်နယ်လမ်းများတွင် လျှပ်စစ်သုံးယာဉ်များအတွက် လမ်း၊ တံတား အသုံးပြုခများကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ နှစ်နှစ်တာကာလ ကင်းလွတ် ခွင့်ပြုသွားမည်ဖြစ်သည်။


ရှေ့ပြေးစီမံကိန်းအဖြစ် သတ်မှတ်ဆောင်ရွက်

လက်ရှိတွင် EV ယာဉ်များ နိုင်ငံအတွင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်စေရန် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ကာလကို ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ကနဦးစီမံကိန်း ကာလတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသည့် ကုမ္ပဏီ များမှ တင်ပြသည့် အဆိုပြုလွှာများကို စိစစ်၍ လျှပ်စစ်သုံးယာဉ်များ တင်သွင်းအသုံးပြုနိုင် ရေး၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ အများသုံး Level 3 အဆင့် DC Fast Charging Station များ တည်ဆောက်နိုင်ရေး၊ After Sale Service လုပ်ငန်းများ ရေရှည်အာမခံစနစ် တည်ရှိရေး၊ လျှပ်စစ်သုံး ယာဉ်ဆိုင်ရာနည်းပညာများ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်အစီအမံများ ချမှတ်ကာ ဦးဆောင်ကော်မတီ ၏ ကြီးကြပ်မှုနှင့် လုပ်ငန်းကော်မတီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကနဦးစီမံကိန်းကာလအတွင်း Charging Station များကို နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန် မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉ နေရာတွင် ဆောင်ရွက်သွားရန် ကုမ္ပဏီကိုးခုကို တာဝန်ပေးအပ်ထားကာ တည်ဆောက်မှုလုပ်ငန်းများကို မတ်လအတွင်း ရာခိုင်နှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်သည်။

လက်ရှိ တည်ဆောက်နေသည့် Charging Station များသည် ကနဦးစီမံကိန်းအရ ဆောင်ရွက် နေခြင်းဖြစ်ပြီး EV ယာဉ်များ တစ်နိုင်ငံလုံး ပြေးဆွဲ အသုံးပြုနိုင်ရန်အတွက် အဓိကလမ်းမကြီးများဖြစ် သည့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန် - ပုသိမ်လမ်း၊ ဘုရား ကြီး-သထုံ-မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်း တောင်း-ညောင်ဦးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်း စသည့် နိုင်ငံ၏ အသက်သွေးကြောလမ်းမကြီးများပေါ်တွင် Charging Station များ တည်ဆောက်သွားနိုင်ရေး ကြိုတင်လေ့လာမှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ကမ္ဘာနှင့်အဝန်း တွင်းထွက်လောင်စာများ အသုံးပြုမှုကြောင့် ရာသီဥတုပြောင်းလဲလာမှုကို ကျော်လွှားနိုင်ရန် အဖြေရှာလာကြပြီဖြစ်သည်။ ထို့အတွက် လောင်စာဆီသုံးစွဲသည့် ယာဉ်များမှ အဆိပ်သင့်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ရန် လျှပ်စစ်ကားသုံးစွဲမှု မူဝါဒများချမှတ် ဆောင်ရွက်လာကြပြီဖြစ်သည်။ အခြားနိုင်ငံများ နည်းတူ မြန်မာနိုင်ငံသည်လည်း EV ယာဉ်နှင့် သက်ဆိုင်သည့် မူဝါဒများကို ချမှတ်ထားပြီး စနစ်တကျဖော်ဆောင်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ဖော်ဆောင်လျက်ရှိသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒနှင့်အညီ လုပ်ငန်းများလျင်လျင်မြန်မြန် ရှေ့သို့တိုးတက် လုပ်ဆောင်ရင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)