MNP ၊ ဧပြီ ၄
ရခိုင်ပြည်နယ်၊ ကေျာက်ဖြူမြို့၌ သင်္ကြန်ရာသီကာလ၊ ဧပြီလတွင် ဒေသထွက်ငါးခြောက်များ မှာ ဝယ်ယူသူများပြားလျက်ရှိပြီး ရောင်းအားကောင်းလာကြောင်း ငါးခြောက်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။
“အရင်လတွေတုန်းက ဒီငါးခြောက်တွေကို ငါးဖမ်းသင်္ဘောတွေဆီကတစ်ဆင့်ဝယ်ရပါတယ်၊ အခုအချိန်မှာ အရောင်းအဝယ်လိုက်တာက ဘယ်ငါးမှလို့ပြောလို့မရဘူး၊ ငါးခြောက်တိုင်းလိုလိုအဝယ် လိုက်တယ်၊ တစ်ခုတော့ရှိတာပေါ့လေ၊ သင်္ကြန်နားနီးပြီဆိုတော့ အရင်လတွေထက် ဈေးတက်တာ တော့ ရှိတာပေါ့၊ ရောင်းချတဲ့ငါးခြောက်တွေကတော့ အစုံပါဘဲ၊ ငါးတံခွန်ခြောက်၊ ငါးလိပ်ကျောက်၊ ငါးနီတူခြောက်၊ ငါးပူတင်းခြောက်၊ ငါးကျောညို(ငါးကျောစိမ်း)၊ ငါးပုလွေခြောက် စသဖြင့်ပေါ့၊ ငါးခြောက်တွေကအစုံပါဘဲ၊ ၂၀၂၂ ခုနှစ်ကုန်ချိန်လောက်က ဒီငါးတွေကို တစ်ပိဿာ တစ်သောင်း အောက်နဲ့ရောင်းချခဲ့ပေမယ့် သင်္ကြန်နားနီးနေတဲ့ ခုအချိန်မှာ တစ်သောင်းတစ်ထောင်အထက်မှာဘဲ ရောင်းချရပါတယ်၊ သင်္ကြန်အတွင်းမှာ အသားစိမ်း၊ငါးစိမ်းတွေမစားဘဲ ဉပုဒ်သီလစောင့်မယ့်သူတွေက ငါးခြောက်တွေဝယ်ကြပါတယ်၊ သင်္ကြန်ကာလ အခုလမှာဆို ငါးခြောက်တွေက ခုရောက်ခုကုန်၊ ရောက်ကုန်ပါဘဲခင်ဗျ” ဟု ငါးခြောက်လုပ်ငန်းလုပ်ကိုင်နေသည့် ဦးခင်ဇော်က ပြောသည်။
အဆိုပါ ငါးခြောက်များကို ကျောက်ဖြူမြို့မှ ဈေးတွေအပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ စသည့်မြို့များနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment