MNP ၊ ဧပြီ ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းတိုင်းရင်းသားတို့၏ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အနီး၊ နမ့်လွေချောင်းအလယ်ရှိ သဲသောင်ပြင်တွင် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျောက်အင်ထလျဲန်းနှင့် တာကြန့်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျောက်ခမ်းလျဲန်းတို့က တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့မိမြို့ဖဖြစ်သူ ဦးတင်ထွေးက ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်၍ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို အသင်းဝင်များက စတင်လှော်ခတ်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်အသင်းများမှာ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်း၊ ဝန်ထမ်းပေါင်းစုံ၊ ဒေါင်နေ၊ ဒွန်းနွဲ့၊ မြို့မ၊ တာကြန့်၊ ဝမ်နားဟွေ့နှင့် ကျိန်းယဲန်းအသင်းတို့ဖြစ်ရာ စုစုပေါင်းအသင်း ကိုးသင်းပါဝင်ယှဉ်ပြိုင်ကစား ကြကြောင်း၊ ဧပြီ ၂၉ ရက်နေ့၊ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အသင်းအားလုံး ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ပြီး ဧပြီ ၃၀ ရက်နေ့တွင် အုပ်စုအနိုင်အရှုံးလုကာ မေ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယလုပွဲတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းနှင့် ညနေ ၃ နာရီအချိန်တွင် ရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲနှင့် အခမ်းအနား ပိတ်ပွဲတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်
https://t.me/MyanmarNationalPost





No comments:
Post a Comment