ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး









MNP ၊ ဧပြီ ၁၁

ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

နေပြည်တော် လမ်းလျှောက် သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဘေးကင်းလုံခြုံစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက် နေကြသည့် ဝန်ကြီးဌာနများနှင့် Brilliant Aura Co.,Ltd. တို့မှ တာဝန်ရှိသူများနှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန် ကွပ်ကဲ ရေးမဏ္ဍပ်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအလိုက် တာဝန်ယူထားသည့် သင်္ကြန်မဏ္ဍပ်များ၌ ပြည်သူများ လွတ်လပ်စွာ ရေကစားနိုင်စေရေး စနစ်တကျဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် အနုပညာရှင်များလည်း ပါဝင်ဆင်နွှဲသွားမည်ဖြစ်သကဲ့သို့ ဝန်ကြီးဌာနအလိုက် ယိမ်းအဖွဲ့များလည်း အလှည့်ကျပါဝင်ဆင်နွှဲသွားမည် ဖြစ်ပါကြောင်း။

လမ်းလျှောက်သင်္ကြန်သို့ လာရောက်မည့် ဝန်ထမ်းနှင့်မိသားစုများ၊ မိဘပြည်သူများ စည်းကမ်းတကျ ဖြစ်စေရေးနှင့် မလိုလားအပ်သည့် ဘေးအန္တရာယ်များ မကျရောက်စေရေးအတွက် လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ကြီး ဌာနများအလိုက် လုံခြုံရေးအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လမ်းလျှောက် သင်္ကြန်တွင် ကျွေးမွေးမည့် စတုဒိသာနှင့် ဈေးဆိုင်ခန်းများတွင် ရောင်းချ မည့် အစားအသောက်များအား သန့်ရှင်းလတ်ဆတ်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ လမ်းလျှောက်သင်္ကြန် ကျင်းပမည့် ဧရိယာအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေ ရေးနှင့် ရေပြတ်တောက်မှု မရှိစေရေးကိုလည်း စီမံဆောင်ရွက်ထားရမည်ဖြစ်သကဲ့သို့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ် တည်ဆောက်နေမှု၊ တိုင်းရင်းသားသင်္ကြန်ဇုန် အတွင်း တိုင်းရင်းသားရေကစားမဏ္ဍပ် ဆောက်လုပ်နေမှု၊ လူငယ်များပျော်ရွှင်စွာ ရေကစားနိုင်ရန် အတွက် လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့် လူငယ်ဇုန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ ရေပြတ်တောက်မှု မရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူထားသည့်ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

နံနက်ပိုင်းကလည်း လုံခြုံရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်သည် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမဏ္ဍပ်များ၏ စည်းကမ်းထိန်းသိမ်းရေး အရာရှိကြီးများဖြင့် လုံခြုံရေးဆောင်ရွက် မည့်အစီအမံများ ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပြီး လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြိုနေ့မှစတင်၍ ပျဉ်းမနား - တောင်ညိုလမ်းမပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဇုန်များသတ်မှတ်ကာ ဝန်ထမ်းများနှင့် ပြည်သူများအားလုံး ချစ်ကြည်ရင်းနှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ ခေတ်နှင့်အညီ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်အတွင်း ထူးခြား၍ ခမ်းနားမှုရှိစေရန် ဇုန်လေးဇုန် သတ်မှတ်ထားကြောင်း၊ ဇုန်(၁)အတွင်း သနပ်ခါးသင်္ကြန်၊ ဇုန်(၂)အတွင်း တိုင်းရင်းသားသင်္ကြန်၊ ဇုန်(၃) အတွင်း မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီ အလှပြဖျော်ဖြေရေးအစီအစဉ်များနှင့် ဇုန်(၄)အတွင်း လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များ ထည့်သွင်းစီစဉ်ထားကြောင်း Brilliant Aura Co.,Ltd မှ တာဝန်ရှိသူက ပြောဆိုထားသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)