၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆပ်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆပ်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ



MNP ၊  ဧပြီ ၇

၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ  အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ပင့်ဖိတ်သံဃာ (၁၉)ပါးတို့အား  တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တာဝန် ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရသံဃာ(၁)ပါးနှင့် ဝိဒူဘွဲ့ရ(၄)ပါးအားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဝိဒူဘွဲ့ရ သံဃာ(၂)ပါးနှင့် ပထမကြီးတန်းအောင် (၃)ပါးအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာန ချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများမှ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းအောင် သံဃာတော်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးက ဝိဒူဘွဲ့ရ သီလရှင်(၁)ပါးနှင့် ပထမ ငယ်တန်းအောင် လုပုဂ္ဂိုလ်(၁)ဦး အားလည်းကောင်း၊ တိုင်းမှူး၏ ဇနီးက အခြေပြု မူလတန်းအောင် သီလရှင်(၁)ပါးအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ အခြေပြု မူလတန်း အောင် သီလရှင်(၁)ပါးအား လည်းကောင်း ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် ဝတ္ထုငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)