လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှာကြား






MNP ၊ ဧပြီ ၂၂

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရပြည်သူများအား နီးစပ်ရာဆေးရုံများသို့ ဆေးကုသမှုခံနိုင်ရေး ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများနှင့် လေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်နှင့် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်သေဆုံးခဲ့ရသည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ ပြည်သူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျ ပြန်လည်ဖော်ဆောင်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေထိုင် နိုင်စေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေးအဆင်ပြေ စေရေးအတွက်လည်း လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား အလေးထားမှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး ခုတင် (၁၀၀၀) သို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လေဘေးသင့်ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)