တာမွေမြို့နယ်တွင် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ








MNP ၊  ဧပြီ ၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၅-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၅)နှစ်နှင့် အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တာမွေမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များမှ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် တာဝန်ရှိသူများက ပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော် သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တာမွေမြို့နယ်အတွင်းရှိ အသက် (၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က အသက်(၉၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ရှိခိုးကန်တော့ခဲ့ကြပြီး ကန်တော့ခံ အဘိုးအဘွားများက ဆုံးမသြဝါဒစကား ပြန်လည်ပြောကြား ခဲ့သည်။ ထို့နောက် တာမွေမြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကန်တော့ခံပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့သည်။ တာမွေမြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုး(၁၄)ဦးနှင့် အဘွား (၄၂)ဦး စုစုပေါင်း အဘိုးအဘွား (၅၆)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှင့် ကန်တော့ခံပစ္စည်းများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပူဇော်ကန်တော့ပွဲသို့ မလာရောက်နိုင်သည့် အဘိုးအဘွားများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းဝင်များ၊ ကန်တော့ခံအဘိုးအဘွား များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)