MNP ၊ ဧပြီ ၂၇
ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း (Grand Opening) အခမ်းအနားနှင့် ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၃) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း ဆောင်ရွက်နေသော ဥပဒေအကျိုးဆောင် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံး၊ ရုံးခွဲများမှ တာဝန်ရှိသူများက Online ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organiza-tion-WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization -WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဖြစ်တည်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန် လိုအပ်လာကြောင်း၊ မူပိုင်ခွင့် ဥပဒေ ၄ ရပ်ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေများအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး ဖြစ်ကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအား တရားဝင်လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် စတင်မည်ဖြစ်သည့်အတွက် ယနေ့သည် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်သမိုင်းတွင် ပြည်တွင်း၊ ပြည်ပမှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ ဆောင် ရွက်နိုင်ရန် စတင်သည့် မှတ်တမ်းဝင် နေ့ရက်ဖြစ်ပါကြောင်း။
ယနေ့သည် “ကမ္ဘာ့မူပိုင်ခွင့် နေ့ (World IP Day)” ဖြစ်သည့် အတွက် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၏ အဖွဲ့ဝင်နိုင်ငံအသီးသီးတွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၃) ၏ ဆောင်ပုဒ်သည် “Women and IP: Accelerating Innovation and Creativity” “မူပိုင်ခွင့်နှင့်အမျိုးသမီးများဆန်းသစ်တီထွင်မြှင့်တင်သွား” ဖြစ်သည့်အတွက် မူပိုင်ခွင့်ကဏ္ဍနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသည့် အမျိုးသမီးများကို အထူးအသိအမှတ်ပြုသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားတွင် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၃) ၏ ဆောင်ပုဒ်နှင့် စပ်လျဉ်းသည့် စကားဝိုင်းနှင့် ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ စကားဝိုင်းတို့ကို ထည့်သွင်းစီစဉ်ထားရှိရာ အဆိုပါ စကားဝိုင်းဆွေးနွေးမှုများမှ တစ်ဆင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်တွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဥပဒေအရ ဆောင်ရွက်ပေးခြင်းနှင့် အမှတ်တံဆိပ်များအား အကာအကွယ်ပေးနိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကာအကွယ်ပေးခြင်း၊ အမှတ်တံဆိပ် တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာမှုကို ဟန့်တားနိုင်သည့်အတွက် မျှတ သော ဈေးကွက်ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်စေနိုင်ခြင်းနှင့် အများပြည်သူအတွက် ဘေးကင်း လုံခြုံသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ် ကြောင်းနှင့် နိုင်ငံတော်၏မူပိုင်ခွင့်စနစ် တည်ဆောက်ရာတွင် မိမိတို့နှင့် သက်ဆိုင်သည့် အခန်း ကဏ္ဍများတွင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ညွှန်ကြား ရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့အတွက် ပေးပို့သည့် Video Message ကို ပြသသည်။
ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌက ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း တရားဝင် စတင်လက်ခံခြင်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်း Documentary ကို ပြသပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် ဂုဏ်ပြုတေးရေး စပ်သီကုံးသူ၊ သီဆိုသူများကို ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်မှတ်တို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တေးသံရှင်များက ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၃) အထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြု တေးသီချင်းဖြစ်သည့် “ဉာဏ်ပန်းကလေးတွေ လန်းဆန်းစေ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက “ပုခက်လွှဲသော မူပိုင်ခွင့်လက်များ”တေးသီချင်း တို့ဖြင့် တေးသရုပ်ဖော် တင်ဆက်ကြသည်။
ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသည့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း သရုပ်ဖော်ပြသထားမှု၊ မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲဝင် လက်ရာများနှင့် ဆုရရှိသူများ၏ လက်ရာများ၊ မူပိုင်ခွင့်ဦးစီးဌာန၏ ဒေသဆိုင်ရာ အညွှန်းဆောင်ရွက်ချက်များ၊ မူပိုင်ခွင့်ဥပဒေ လေးမျိုးနှင့် ကုန်ပစ္စည်း အတု - အစစ် ပြသထားမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၃)၏ ဆောင်ပုဒ် “မူပိုင်ခွင့်နှင့်အမျိုးသမီးများ ဆန်းသစ်တီထွင် မြှင့်တင်သွား”ခေါင်းစဉ်ဖြင့် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် သုံးဦးပါဝင်သည့် အမျိုးသမီးလေးဦးက စကားဝိုင်းဆွေးနွေးခြင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အသင်းအဖွဲ့ဝင်ခြောက်ဦးတို့က စကားဝိုင်းဆွေးနွေးခြင်းများ ပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဧပြီ ၂၆ ရက်မှစတင်၍ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော် (ရုံးချုပ်)၊ အောက် မြန်မာပြည် (ရန်ကုန်ရုံးခွဲ)နှင့် အထက်မြန်မာပြည်(မန္တလေးရုံးခွဲ)တို့တွင် လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ မူပိုင်ခွင့်ကိုယ်စားလှယ်မှတစ်ဆင့် Online ဖြင့်လည်းကောင်း လျှောက်ထားမှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment