ချောင်းဦးမြို့နယ်၌ မိုးစပါး GW11 မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၌ မိုးစပါး GW11 မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်



MNP ၊  ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဧပြီလ ၂၀ ရက်နေ့နံနက် ၁၀နာရီ အချိန်က မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအားဖိတ်ကြား၍ မိုးစပါး GW11 မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခဲ့ပြီး မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ အတူလက်တွဲပြီး အလုပ်လုပ် နေတာ မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို အထူးဂရုစိုက်ပြီး သီးနှံ ထုတ်ကုန်များအား ပိုမိုစိုက်ပျိုး ထုတ်လုပ်လာနိုင်ယင် တိုင်းပြည်တိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။ ပေါက်အင်းစိုက်ကွင်း တာဝန်ခံ ဦးဝင်းနိုင်မှလည်း စိုက်ပျိုးထုတ်လုပ်သလောက် အကျိုးရှိစေရန်မှာ စိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးဖို့ လိုအပ်သလို အထွက်နှုန်းတိုးစေမည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များရရှိရန်လိုအပ်ကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များရရှိရေးအား စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးခြံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း၊ ကျွန်တော် တို့အနေနဲ့အကူအညီ လိုအပ်လာပါက ကူညီပေးမှာဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သီးနှံများအထွက်နှုန်းတိုးစေရန်၊ တောင်သူများ ဝင်ငွေတိုးတက် မြင့်မားလာစေရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ တောင်သူမှ တောင်သူသို့ အစီအစဥ်အတိုင်း ယခုတက်ရောက်လာသည့် တောင်သူများမှ နည်းပညာများအား မှတ်သားသွားပြီး နီးစပ်ရာတောင်သူများအား လက်ဆင့်ကမ်း မျှဝေပေးခြင်းဖြင့် တောင်သူများနည်းပညာကို ပိုမိုရရှိလာကြမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် တောင်သူများအား တာဝန်ရှိသူများမှ မိုးစပါးGW11၊ ဆင်းသုခ၊ မနောသုခ မျိုးကောင်းမျိုးသန့်များ ပေးအပ်ခဲ့သည်။ သင်တန်းကိုဆက်လက်ပို့ချပေးရာ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများမှ ဓာတ်မြေသြဇာ အကျိုးရှိရှိ အချိုးကျ သုံးစွဲနည်း စနစ်များ၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ပေါင်းစပ်သုံးစွဲနည်းများ၊ ပျိုးသက်နု စိုက်ပျိုးနိုင် ရေးအတွက် ဘောင်ပျိုးနဲ့ ပျိုးထောင်နည်းစနစ်များ၊ ပိုးမွှားရောဂါ ဘက်စုံကာကွယ်နည်းစနစ်များ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ မိုးစပါးစိုက်ပျိုးမည့် ကျေးရွာအုပ်စု ၁၅ အုပ်စု၊ တောင်သူ ၁၀၀ကျော်အား အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းသည့် ဆင်းသုခ ဧက၃၀၀၊ မနောသုခ ဧက ၁၀၀၊ GW11 ၁၀ဧကစာ စမ်းသပ်စိုက်ပျိုးနိုင်ရန် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


ဝင်းမြင့်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)