စက်သုံးဆီများ အလွယ်တကူဝယ်ယူရရှိရေးအတွက် Google Sheet အသုံးပြု၍ စက်သုံးဆီလျှောက်ထားရာတွင် တိကျမှန်ကန်စွာ လျှောက်ထားပေးရန်ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီများ အလွယ်တကူဝယ်ယူရရှိရေးအတွက် Google Sheet အသုံးပြု၍ စက်သုံးဆီလျှောက်ထားရာတွင် တိကျမှန်ကန်စွာ လျှောက်ထားပေးရန်ဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၂၂

ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုလုပ်ငန်းများ စက်သုံးဆီလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံများမှ စက်သုံးဆီလျှောက်ထားမှုများအား  စက်မှုဇုန်အတွင်းရှိ စက်ရုံများအတွက် သက်ဆိုင်ရာစက်မှုဇုန်များမှ စုစည်း၍လည်းကောင်း၊ စက်မှုဇုန်ပြင်ပရှိစက်ရုံများအတွက် သက်ဆိုင်ရာအသင်းများမှစုစည်း၍လည်းကောင်း လျှောက်ထားလျက်ရှိသည်။


ယင်းသို့လျှောက်ထားရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေးအတွက် Google Sheet အသုံးပြု၍သာလျှောက်ထားရမည်ဖြစ်ပြီး Google Sheet တွင်ဖြည့်စွက်ပုံနည်းလမ်းအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည်။


ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် စက်သုံးဆီလျှောက်ထားရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ လျော့နည်းပပျောက်သွားစေရေးအတွက် ယနေ့ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊  စက်သုံးဆီဈေးနှုန်း ကွာဟချက်များကြောင့် စက်မှုဇုန်များအတွက် နစ်နာမှုများကို လျှော့ချနိုင်ရေးအတွက် မတ်လ စတုတ္ထပတ်မှစတင်၍ အစည်းအဝေးများပြုလုပ်ခဲ့ပြီး စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင်  ရှင်းလင်းဆွေးနွေးပေးသည့်ပုံစံအတိုင်း တိကျမှန်ကန်စွာ လျှောက်ထားပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လျှောက်ထားရမည့် Google Sheet တွင် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးစေလိုပါကြောင်း၊ ဇုန်ပြင်ပမှလျှောက်ထားမည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း (MIA) တွင် မိမိတို့၏ သက်ဆိုင်ရာအသင်း ထောက်ခံချက်ဖြင့် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ Google Sheet မပို့ခင်တွင်လည်း အချက်အလက်များမှန်ကန်စေရန် ပြန်လည်စစ်ဆေးပေးစေလိုပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်၍ ကြိုးစားဆောင်ရွက်မည်ဆိုပါက အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် Google Sheet အသုံးပြု၍ စက်သုံးဆီလျှောက်ထားရာတွင် ဖြည့်စွက်ပုံနည်းလမ်းအဆင့်ဆင့်ကို မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (ဖြန့်ဖြူးရေးကော်မတီ အတွင်းရေးမှူး) ဒေါက်တာသက်ထွန်းအောင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စက်မှုဇုန်များမှ တာဝန်ရှိသူများကမိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။


ရှင်းလင်းဆွေးနွေးပွဲသို့  ကုန်သည်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)