လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်အကြတ်နေ့ ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဖော်ထုတ်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်အကြတ်နေ့ ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဖော်ထုတ်ရရှိ








MNP ၊ ဧပြီ ၁၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေစဉ် အကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက် ခဲ့သဖြင့် မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးမှုများနှင့် ဆက်စပ်သတင်းဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ KNPP အဖွဲ့ ရင်း(၂)မှ ရင်းမှူးအဆင့်ရှိ အာလူးနှင့် ရုံးအဖွဲ့မှူးအဆင့်ရှိ ဖူးကီ တို့မှ ဧပြီ ၁၃ ရက်တွင်  လွိုင်ကော် PDF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ညီညီ နှင့် Falcon Wings အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အောင်ကျော်မြတ် (ခေါ်) အောင်မြတ် တို့အား Drone နှင့် Drop Bomb များ ပေးအပ်၍ ပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ်အား ပစ်ခတ်တိုက်ခိုက် ရန် တာဝန်ပေးစေခိုင်းခဲ့ကြောင်း စိစစ်ဖော်ထုတ်သိရှိရသည်။ Falcon Wings အကြမ်းဖက်အဖွဲ့ သည် NUG အကြမ်းဖက်အဖွဲ့ လက်အောက်ခံ Federal Wings Drone အဖွဲ့၏ လက်အောက်တွင် အဓိကလှုပ်ရှားလျက်ရှိသော အကြမ်းဖက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အတွက် NUG မှ တိုက်ရိုက်ထောက်ပံ့စေခိုင်းသည့် အဖွဲ့လည်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံသားတို့၏ အထွတ်မြတ်ထားရာ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ယုတ်မာရိုင်းစိုင်းစွာဖြင့် ဖျက်ဆီးလိုသော ရည်ရွယ် ချက်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိအောင် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့သည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment