သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး ရန် ပြုလုပ်ခဲ့သူ PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး ရန် ပြုလုပ်ခဲ့သူ PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိ




MNP ၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံး ဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ KNLA တပ်မဟာ(၆)၊ ရင်း(၁၆)မှ ဒုခွဲမှူးအဆင့်ရှိ ချနေလား ၏ စေခိုင်းချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တလက်ခွကျေးရွာနေ အာကာမင်း နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ အောင်မျိုးထက် တို့ ၂ ဦးသည် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးရန် အတွက် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှ ဧပြီ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ပြီး ရေကစားမဏ္ဍပ် အနီး၌ အခြေအနေ စောင့်ကြည့်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အာကာမင်း က လက်ပစ်ဗုံး အား ဘောင်းဘီအိတ်အတွင်းမှ ပစ်ခတ်ရန်ထုတ်ယူစဉ် လက်ပစ်ဗုံး၏ လုံခြုံရေးပင်မှာ ဘောင်းဘီအိတ်အတွင်း ပြုတ်၍ကျန်ရှိခဲ့သဖြင့် လက်ပစ်ဗုံးကို လမ်းဘေးရေမြောင်း အတွင်းသို့ ထိတ်လန့်စွာဖြင့် လွှင့်ပစ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ အကြမ်းဖက် သမား ၂ ဦးအား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ သံဖြူဇရပ်မြို့နယ်၊ သက္ကော ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာရှိ လျှိုအတွင်း၌ လက်လုပ်မိုင်း ၃ လုံး သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၃ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေရာ၌ပင် ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ ထို့နောက် အဆိုပါနေရာမှ ပြန်လည်ထွက်ခွာ လာစဉ် ဖမ်းဆီးရမိ အကြမ်းဖက်သမား ၂ ဦးက ထွက်ပြေးခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များက ခြောက်လန့်ပစ်ခတ် တားဆီးခဲ့သော်လည်း ရပ်တန့်ခြင်း မရှိသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးသည် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။


အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမား ၂ ဦးသေဆုံးမှုနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ ရုပ်အလောင်းများအား သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ သုဿာန်၌ ကောင်းမွန်စွာ မီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)