MNP ၊ မေ ၅
ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရှေးရယ်က မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ တစ်နှစ်တာကာလအတွင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများမှ အတွေ့အကြုံကောင်းများ၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးပေးစေလိုကြောင်း၊ ဆွေးနွေးမှုရလဒ်များအပေါ် အခြေခံပြီး နောင်နှစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းများအပေါ် အကောင်းဆုံး ဆောင်ရွက်နိုင်သည့် ကျေးရွာ(၆)ရွာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာစီမံကိန်းကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအပေါ် အုပ်စုဖွဲ့ ဆွေးနွေးကြသည်။
ရပ်စောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၁၂၁ ရွာ၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ (၂၀)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးရှေးရယ်ထံမှ သိရသည်။
ဆုမွန်
https://t.me/MyanmarNationalPost


No comments:
Post a Comment