သဖန်းဆိပ်ဆည်ကြီး ကျန်းမာပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဖန်းဆိပ်ဆည်ကြီး ကျန်းမာပါစေ



၂၀၂၁ နှစ်ကုန်ပိုင်းလောက်က စပြီး ဒေသခံတွေနဲ့ အဆက်အသွယ်ရတဲ့အတွက် ဒေသခံတွေရဲ့ ဆက်သွယ်သတင်းပေးပို့မှုအရ သဖန်းဆိပ်ဆည်အတွင်းက တရားမဝင် ရွှေမျောတွေကို ရှင်းလင်းဖယ်ရှားဖို့ တင်ပြခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ အထူးအားဖြင့်တော့ KIA/PDF က ရွှေမျောလုပ်ငန်းရှင်တွေထံက ဆက်ကြေးကောက်ယူပြီး လူသတ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေခြင်းကြောင့် တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအလုပ်မျိုးကို ဒေသခံတွေရဲ့ စီးပွားရေးအတွက် လုပ်နေတာမျိုး ရှင်းလင်းဖယ်ရှားဖို့ တင်ပြမှာ မဟုတ်ပါဘူး။ ကျွန်းလှမြို့နယ် NLD ပါတီ က ရှေ့နေတစ်ဦးက PDF ကို ဦးဆောင်ပြီး ရွှေမျောတွေဆီက ဆက်ကြေးကောက်နေတာကို ကြားသိရကတည်းက သဖန်းဆိပ်ဆည်အတွင်းက တရားမဝင် ရွှေမျောတွေ ရှင်းလင်းဖယ်ရှားဖို့ တွင်တွင်ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ဒီကနေ့ တွေ့ရတဲ့ သတင်းတစ်ပုဒ်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအနီးတွင် တရားမဝင်ရွှေမျှောဖောင်များ ဖမ်းဆီးရရှိ" သတင်းကို တွေ့ရပါတယ်။ သဘောကတော့ ကျွန်တော်တို့ တင်ပြနေတဲ့အချိန်က အရေးတယူမလုပ်နိုင်ခဲ့ဘူးပေါ့ဗျာ။ အခုတော့ အရေးတယူ ရှင်းလင်းပြီဆိုတော့ ကျေးဇူးတင်မိပါတယ်။


ကျွန်းလှမြို့နယ်အတွင်း က သဘာဝ သယံဇာတတွေက KIA, PDF အကြမ်းဖက်အဖွဲ့တွေ ရပ်တည်ရှင်သန် လှုပ်ရှားနိုင်စေဖို့ ငွေကြေးအထောက်အပံ့များစွာ ပေးခဲ့ပါတယ်။ သဖန်းဆိပ်ဆည်အတွင်းက ရွှေမျောတွေသာမကပါဘူး။ ကျွန်းလှမြို့နယ်အတွင်းမှာ ရေနံထွက်နေတဲ့ နေရာတွေလည်း ရှိပါတယ်။ ရေနံတွင်းတွေကိုလည်း NLD က လူလည်ကြီးများက PDF အဖြစ် လက်နက်ကိုင်ပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ရေနံကို ရွှေမျောတွေမှာ ပြန်အသုံးချတယ်။ ရေနံတွင်းတွေကနေလည်း ဆက်ကြေးကောက်တယ်။ ရွှေမျောတွေကနေလည်း ဆက်ကြေးကောက်တယ်။ ရရှိတဲ့ငွေနဲ့ KIA ထံက လက်နက်ဝယ်တယ်။ 


တွေ့မြင်ရတဲ့ သတင်းအရ ၂၄-၅-၂၀၂၃ ရက်နေ့က ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအနီးတွင် တရားမဝင် ရွှေမျှောများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးအဖွဲဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ ရွှေမျှောဖောင် (အကြီး) ၃၃ စီး၊ - ၆ လုံးထိုး အင်ဂျင် ၃၃ လုံး၊ မျောစင် ၃၃ လုံ၊ ရေခရု ၂၃၁ လုံး၊ ကော်ပိုက် ၂၃၁ လုံး၊ သံပိုက် ၉၉ လုံး၊ ဘာလီကြိုးဆွဲ ၃၃ ခု၊ ဘီလူးခေါင်း ၃၃ လုံး၊ ကော်ဇောလိပ် ၃၃ ခု၊ ပေပါခွံ ၄၉၅၀ လုံး၊ ဒီဇယ် ၉၉၀ ဂါလံ ဖမ်းဆီးရမိတယ်လို့ တွေ့ရပါတယ်။ 


ဆက်လက်၍ ၎င်းနေရာအနီးတဝိုက် ထပ်မံရှင်းလင်းရှာဖွေခဲ့ရာ ရွှေမျှောဖောင် (အသေး) ၃ စီး၊ ၄ လုံးထိုးအင်ဂျင် ၃ လုံး၊  မျောစင် ၃ ခု၊ ရေခရု ၃ လုံး၊ ကော်ပိုက် ၂၁ လုံး၊ သံပိုက် ၉ လုံး၊ ဘာလီကြိုးဆွဲ ၃၃ ခု၊ ဘီလူးခေါင်း ၃၃ လုံး၊  ကော်ဇောလိပ်(အသေး) ၃၃ ခု၊ ပေပါခွံ ၃၀၀ လုံး၊ ဒီဇယ် ၉၀ ဂါလံ၊ ဘတ္ထရီအိုးကြီး ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။


ကျွန်တော်တို့ အနေနဲ့တော့ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ချုပ်ငြိမ်းရေး ဆောင်ရွက်ရာမှာ အကြမ်းဖက်အဖွဲ့တွေအတွက် အဓိက ငွေကြေး၊ လက်နက် အထောက်အပံ့ဖြစ်စေမယ့် ကိစ္စမျိုးတွေကို တားဆီးနိုင်ပါမှ အကြမ်းဖက်လှုပ်ရှားမှုဟာ ချုပ်ငြိမ်းမှာ ဖြစ်ပါတယ်။ မီဒီယာဖြစ်တဲ့အတွက် ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ဆက်သွယ် သတင်းပေးပို့မှုတွေကို မထိန်ချန်ဘဲ တာဝန်ရှိသူများ သိရှိဆောင်ရွက်နိုင်ဖို့ တင်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တင်ပြခဲ့စဉ်ကတော့ အရေးတယူ ရှင်းလင်းတာမျိုး မရှိတဲ့အတွက်ကြောင့် သူတို့လည်း မသိလို့ မလုပ်တာတော့ မဟုတ်လောက်ဘူး။ မရှင်းချင်လို့ကို မရှင်းတာလို့ မှတ်ယူပြီး အဲဒီ အခြေအနေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြမှုတွေ ဆက်မလုပ်တော့ပါဘူး။ 


အခုလို စိစစ်ဖော်ထုတ် ရှင်းလင်းလာပြီဆိုတော့ ကျေးဇူးတင်မိပါတယ်။ ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူ နယ်တွေမှာ အကြမ်းဖက်လှုပ်ရှားမှု အမြစ်တွယ်နေခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အကြမ်းဖက်အဖွဲ့တွေအတွက် နေ့စဉ် သိန်းပေါင်းထောင်ချီ ဝင်ငွေရနေတဲ့ ရွှေမျောတွေ၊ ရေနံတွင်းတွေကြောင့်ပါပဲ။ ပြည်ပြေး ဝရမ်းပြေးတွေဆီက အထောက်အပံ့ရလို့ မဟုတ်ပါဘူး။ လက်နက်ကိုင်ပြီး ဒေသခံပြည်သူတွေကို ဂုပ်သွေးစုပ်လို့ ရမှန်းသိတဲ့ NLD လွှတ်တော်အမတ်တွေ၊ NLD ကို အကြောင်းပြုပြီး လုပ်စားတတ်သူတွေက ခြယ်လှယ်နေခြင်း ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်လိုစိတ်နဲ့ လုပ်နေတာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးပြဿနာကို အကာအကွယ်ယူခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ အဲဒီလို ယုတ်ကန်းတဲ့ လုပ်ငန်းရှင်တွေ ရှိပါတယ်။ 


ဒါနဲ့ ဆက်စပ်ပြီး ယုတ်ကန်းတဲ့ လုပ်ငန်းရှင်တချို့အကြောင်း ပြောပြချင်ပါတယ်။ KNU ထိန်းချုပ်နယ်မြေ ဘီးလင်း၊ ဖာပွန်တို့မှာ ရွှေတူးဖော်မှုတွေ ထောင်းလမောင်းထလာခဲ့တယ်။ ရွှေရပြီး သူဌေးဖြစ်တဲ့ သူတွေလည်း ရှိလာတယ်။ အဲဒီမှာ ရွှေရပြီး သူဌေးဖြစ်လာတဲ့သူတွေက ရွှေတူးဖော်မှုကို အစိုးရက ဖမ်းဆီးအရေးယူမှုတွေ လုပ်လာမှာစိုးတဲ့အတွက် ရန်ကုန်မြို့ပေါ်မှာ ဗုံးတက်ခွဲခိုင်းတာ။ ဘယ်လောက်အထိ ယုတ်ကန်းသလဲဆိုရင် ရွှေတိဂုံဘုရားမှာ ဗုံးတက်ခွဲခိုင်းခြင်း ဖြစ်ပါတယ်။ Trader Hotel မှာ ဗုံးခွဲလို့ ဖမ်းဆီးခံခဲ့ရတဲ့ KNU တပ်ဖွဲ့ဝင် စောမောထ လွတ်ငြိမ်းချမ်းသာခွင့် မရသေးဘူးဆိုရင် အင်းစိန်ထောင်ထဲမှာပဲ ရှိပါလိမ့်မယ်။ သူ့ကို ဖောက်ခွဲခိုင်းလိုက်တာ ၂နေရာ၊ Trader Hotel နဲ့ ရွှေတိဂုံမှာ ဖြစ်ပါတယ်။ စောမောထဟာ KNU တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်ဖြစ်နေတဲ့အတွက် ဘုရားနားမှာ ဗုံးဖောက်တာမျိုးတော့ မလုပ်သင့်ဘူးလို့ သူ့ဟာသူ ဆင်ခြင်တုံတရားနဲ့ မလုပ်ခဲ့ဘူး။ 


Trader Hotel ဗုံးခွဲမှုနဲ့ တသီကြီး ဖမ်းဆီးအရေးယူခဲ့တယ်။ နောက်ဆုံး ရွှေရထားတဲ့ သူဌေးတွေ ငွေပေးပြီး လွတ်သွားကြတယ်။ စောမောထ တစ်ယောက်သာ အဓိကတရားခံ ဖြစ်ပြီး ယနေ့တိုင် ထောင်နန်းစံနေရတုန်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးပဋိပက္ခဖန်တီးဖို့ ဝန်မလေးတဲ့ လူ့မိစ္ဆာတွေလည်း ရှိတယ်ဆိုတာကို သိစေချင်လို့ပါ။


အခု ကျွန်းလှမြို့နယ်အတွင်းမှာလည်း ရေနံတွင်းတွေ၊ ရွှေမျောတွေနဲ့ ဝိသမလောဘသား နီပိန်းကြီးများ အလုပ်ဖြစ်နေတဲ့ အခါ တစ်ဖက်မှာ လက်နက်ကိုင်ပြီး တော်လှန်ရေးလိုလို ဘာလိုလို ခေါင်းစဉ်တပ် လှုပ်ရှားနေကြခြင်း ဖြစ်ပါတယ်။ တိုင်းပြည်ကို စီမံအုပ်ချုပ်နေတဲ့ သူတွေဟာ ကျွန်တော်တို့ထက် ပိုပြီး ရှေ့ကို ကြိုတင်မျှော်တွေး သုံးသပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။ သူတို့ မသိကျိုးကျွန်ပြုထားရင် ဝိသမလောဘသားတွေ အလုပ်ဖြစ်နေမယ်။ သူတို့ အရေးတယူ ဆောင်ရွက်ရင် ဝိသမလောဘသား အကြမ်းဖက်သမားတွေ အမြစ်ပြတ်သွားမယ်။ နီပိန်းများဟာ ပြောလိုက်ရင်ဖြင့် သဘာဝတရားကို သူတို့လောက် ချစ်မြတ်နိုးတဲ့သူ မရှိတော့ဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဆိုတာတွေဟာ သူတို့ လုပ်စားနေတဲ့ ခေါင်းစဉ်တွေပဲ။ အခုတော့ နိပိန်းများဟာ လက်နက်ကိုင်ပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ဖျက်ဆီးနေတာ။ သဖန်းဆိပ်ဆည်ကြီးဟာ ပျက်စီးလုနီးပါး ဖြစ်နေပြီ။


သဖန်းဆိပ်ဆည်အတွင်းက တရားမဝင်ရွှေမျောတွေကို စတင်ရှင်းလင်းပြီးဆိုရင်ပဲ သဖန်းဆိပ်ဆည်ကြီးကိုယ်စား ကျေးဇူးတင်စကား ဆိုရမှာ ဖြစ်ပါတယ်။ တရားမဝင်ရွှေမျောပေါင်းများစွာနဲ့ ဆည်ကြီးဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့အတွက်ကြောင့် တရားမဝင် ရွှေမျောတွေကို ဖယ်ရှားရှင်းလင်းပေးတဲ့အတွက် သဖမ်းဆိပ်ဆည်ကြီးကိုယ်စား ကျေးဇူးတင်ပါတယ်။ သဖန်းဆိပ်ဆည်ကြီး ကျန်းမာပါစေ။ ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်ပါတယ်။ KIA/PDF အကြမ်းဖက်အဖွဲ့များ ကျဆုံးပါစေ။ 


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)