ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

 





























MNP ၊ မေ ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ကျိုင်းတုံမြို့ ၊ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်တို့ကို သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် လက်ရောက်ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝစီပိတ်ဆရာတော်ကြီးထံသို့ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်သည်။


ထို့နောက် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီးတည်ဆောက်ခဲ့သည့် ဗိသုကာအင်ဂျင်နီယာပညာရှင်များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့်ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ ကုသိုလ်တော်မဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော် ခံနေရာသို့ ပို့ဆောင်ကြသည်။


ထို့နောက် ဆရာတော်ကြီးများနှင့် ဘုရားဒါယကာများက အထက်ဌာပနာတော်တိုက်သို့ ကြွရောက်တော်မူကြပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ဌာပနာတော်များကို သွင်းလှူပူဇော်ပြီး ပရိတ်နံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်သည်။


ဆက်လက်ပြီးမင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့်အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ရတနာစိန်ဖူးတော်၊ ရွှေထီး တော်ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို စေတီတော်အထွတ်၌တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များပက်ဖျန်းကြသည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်းရှိမဟာဗောဓိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း၊ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။


ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် သီတဂူဆရာတော်ဘုရားကြီးက စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားကြီးအတွက် အလှူတော်ငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။


ထို့နောက် သီတဂူဆရာတော်ဘုရားကြီးအမှူးပြု၍ သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး ကမ္ပည်းမော်ကွန်းကျောက်စာများကို အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော်ကာ စေတီတော်မြတ်ကြီးရှိ ရွှေခေါင်းလောင်းတော်ကို ကိုးချက်ထိုးခတ် ပူဇော်သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး ပူဇော်ကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အနိမိသသတ္တာဟအနိမိသစေတီတော်နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။


အဆိုပါ ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း၌ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပမှဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဦးစွာတည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ပြည်နယ်(အရှေ့ပိုင်း) ဒေသနှင့်အနီးဝန်းကျင်မှဒေသခံ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှဘုရားဖူးများအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ဖူးမြော်နိုင်စေရန်ရည်ရွယ်၍ ယခုသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး ပုံစံတူစေတီတော်ကြီးအား တည်ထားကိုးကွယ်နိုင်ရေး ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင်ဦးဆောင်ပဓာန ကမကထပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင်ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)