အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ၌ စက်ရုံတွင် အလုပ်သမားအပေါ် ဥပဒေချိုးဖောက်မှု ရှိသည်ဟူသော သတင်းဖော်ပြချက်နှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ၌ စက်ရုံတွင် အလုပ်သမားအပေါ် ဥပဒေချိုးဖောက်မှု ရှိသည်ဟူသော သတင်းဖော်ပြချက်နှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ခြင်း


MNP ၊ မေ ၂၂

အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့်လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/ မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

Myanmar Labour News ၏ ၄-၅-၂၀၂၃ ရက်စွဲပါ စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်း အမှတ် (၁၈/ ၂၁၂) ရှိ ဒေါ်လွင်လွင်သန်း (မြန်မာနိုင်ငံသား) ပိုင် သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံရှိ အလုပ်သမားများခွင့်ယူပါက ခွင့်ယူသည့်ရက်အတွက် လစာမဲ့ခွင့် အဖြစ်သတ်မှတ်ပြီး ရရှိသည့်လစာမှ ဖြတ်တောက်ခံနေရကြောင်း၊ အလုပ်ဝင်ချိန်ငါးမိနစ်စောဝင်ခိုင်းပြီး အလုပ်ဆင်းချိန် ၁၅ မိနစ်/ မိနစ် ၂၀ နောက်ကျပြီးမှ အမြဲအလုပ်ဆင်းနေရကြောင်း ဖော်ပြပါရှိ ပါသည်။

အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၁၀-၅-၂၀၂၃ ရက်တွင် အလုပ်ရုံနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ အလုပ်သမားရေးရာ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ အလုပ်သမားကိုယ်စားလှယ် ၁၅ ဦး၊ HR မန်နေဂျာနှစ်ဦးတို့အား စစ်ဆေးမေးမြန်းခဲ့ရာ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည်-

(က)     အလုပ်သမားများ ခွင့်ယူပါက လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ခွင့်တိုင်ကြားရာတွင် တရားဝင် စာရွက်စာတမ်းဖြင့် တိုင်ကြားမှုမရှိခြင်း၊ နီးစပ်ရာ လုပ်ဖော် ကိုင်ဖက်များမှတစ်ဆင့် တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ကိုယ်တိုင်တိုင်ကြားမှုမရှိခြင်း၊ ခွင့်လက်ကျန်မရှိခြင်းတို့ကြောင့် လစာမဲ့ခွင့်အဖြစ်သတ်မှတ်၍ လစာမှဖြတ်တောက်မှုရှိကြောင်း၊

(ခ)       စက်ရုံအတွင်းသို့ အလုပ်ချိန်မတိုင်မီ ငါးမိနစ်စောဝင်ရခြင်း နှင့် အလုပ်ဆင်းချိန် ၁၅ မိနစ်/ မိနစ် ၂၀ နောက်ကျဆင်းရ ခြင်းရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ လုပ်ငန်းမစတင်မီ စက်သန့်ရှင်းရေးလုပ်ရခြင်းနှင့် လုပ်ငန်းပြီးဆုံးသည့် နောက်တွင် စက်သန့်ရှင်းရေးလုပ်ရခြင်း၊ အချို့သော ဝန်ထမ်းများသည် အထည်စံနှုန်း သတ်မှတ်ချက်ပြည့်မီရန် အလုပ်ဆင်းချိန်ကျော်လွန်သည်အထိ လုပ်ကိုင်ကြခြင်း တို့ကြောင့်ဖြစ်ကြောင်း၊

စစ်ဆေးတွေ့ရှိချက်များအပေါ် ၁၁-၅-၂၀၂၃ ရက်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများအရ လိုက်နာဆောင်ရွက်ရန် အချက်များကို အောက်ပါ အတိုင်း သတိပေးညွှန်ကြားခဲ့ပြီး ၁၉-၅-၂၀၂၃ ရက် အရောက် ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ပါသည်-

(က)     ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၆၂ အရ မည်သည့်အလုပ်သမားကိုမျှ အလုပ်ရုံ၌ မည်သည့်ရက်၌မဆို အလုပ်ချိန်နာရီပေါင်း ၈ နာရီထက်ပို၍ အလုပ်မလုပ်စေရ သို့မဟုတ် ခွင့်မပြုရ၊

(ခ)       ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၆(၁) တို့အရ အလုပ်ရှင်သည် မိမိအလုပ်ကို တစ်ဆက်တည်း ၁၂ လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမား အသီးသီးအား သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေနှင့် ဖြစ်စေ၊ ပျမ်းမျှ လစာငွေနှင့်ဖြစ်စေ လုပ်သက်ခွင့် ၁၀ ရက် ခံစားနိုင်စေရန်၊ ရှောင်တခင် ခွင့်ရက်ကို တစ်နှစ်လျှင် စုစုပေါင်း ခြောက်ရက်ကို ခွင့်ပြုပေးရန်၊ တစ်နှစ်လျှင် ရက်ပေါင်း ၃၀ ထက်မပိုသော ကာလအပိုင်းအခြား အတွက် ဆေးလက်မှတ်ခွင့်ရက်ကို ခံစားနိုင်စေရန် စီမံပေးရမည်။

သို့ဖြစ်ပါ၍ Myanmar Labour News တွင် ဖော်ပြပါရှိသော သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံနှင့်ပတ်သက်၍ အလုပ်ဝင်ချိန် ငါးမိနစ်စောဝင်ရခြင်း၊ အလုပ်ဆင်းချိန် ၁၅ မိနစ်/ မိနစ် ၂၀ နောက်ကျ ဆင်းရခြင်းနှင့်စပ်လျဉ်း၍ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ရန် ပထမအကြိမ် သတိပေးညွှန်ကြားထားပြီး လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြစေခြင်း၊ ဌာနမှပြန်လည်စိစစ်ခြင်းဖြင့် အလုပ်သမားများဥပဒေပါ ရပိုင်ခွင့်များ ပြည့်ဝစွာရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။


အလုပ်သမားဝန်ကြီးဌာန

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)