ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ပျက်စီးမှုများ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတား အစားထိုးတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ပျက်စီးမှုများ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတား အစားထိုးတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး


MNP ၊ မေ ၂၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အဆောက်အဦဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်များ၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများကို ယမန်နေ့က ရခိုင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ် များရှိ ရုံးများနှင့် လူနေအဆောက်အအုံများ၏ အမိုးအကာများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်၊ မိမိတို့ မူလတာဝန်ဖြစ် သည့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် လမ်းမကြီးပေါ်တွင် သစ်ပင်များ လဲကျပိတ်ဆို့မှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဖယ်ရှားရှင်းလင်းရာတွင် မိမိတို့ဝန်ကြီးဌာနက စက်ယာဉ်ယန္တရားများဖြင့် ပူးပေါင်းပါဝင်ရှင်းလင်းဆောင်ရွက်ပေးရန်၊ လမ်းကြောင်းတစ်လျှောက် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပျက်စီးသွားသော တံတားများအားယာယီ ဘေလီတံတားထိုး၍သွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအောက် ရှိ ဆေးရုံအဆောက်အအုံများ၊ တက္ကသိုလ်များနှင့် အခြေခံပညာ အထက်တန်း ကျောင်းများ၏ ပျက်စီးမှုကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေးအတွက် ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ပစ္စည်းလိုအပ်ချက်စာရင်းပြုစုခြင်း၊ အမိုးသွပ်၊ သွပ်ရိုက်သံနှင့် သစ်လိုအပ်ချက်များအားပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောက်လုပ်ရေးအဖွဲ့များ ပေါင်းစပ်ပြုပြင်နိုင်ရေး စီမံဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်း မိုင်တိုင်အမှတ်(၂/၄)ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတား အရှည်ပေ ၁၄၀၊ အကျယ် ၁၈ ပေ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၇)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းခန့်က ယာယီတံတားထိုးနေမှုအခြေအနေနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူများ သွားလာရေးအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ဆုံး ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)