MNP ၊ မေ ၂၇
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကျောင်းသွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားသည် ပညာရေးမြှင့်တင်မှု အစီအစဉ်အရ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူခွင့်ရရှိရေး၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းအပ်နှုန်း၊ ကျောင်းနေမှုနှုန်း မြင့်မားလာစေရေးနှင့် အခမဲ့ ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ရေး စသည့်ရည်ရွယ် ချက်များဖြင့် ၂၀၂၃ခု နှစ်၊ မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ(၁) ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကာ ကျောင်းသင်ခန်းစာများအား သင်ကြားပေးမည်ဖြစ်သောကြောင့် မိဘများအနေဖြင့် မိမိတို့ သား/သမီးများအား ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းအပ်နှံခြင်းဖြင့် မိမိတို့သား/သမီး များအား အခြားကလေးများနည်းတူ သင်ခန်းစာများ နောက်မကျဘဲ သင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေး ငယ်များအားလုံး ပညာသင်ကြားနိုင်စေရေး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်အနေဖြင့် “ကျောင်းနေအရွယ်ကလေး အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” သတ်မှတ်ထားပြီး အခမဲ့ ပညာရေး စနစ်ဖြင့် သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသလို အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်မှုကို ဖြစ်ထွန်းစေမည့် ပညာရေးစနစ်အသစ်၊ သင်ရိုးညွှန်းတမ်းအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့သားသမီများအား ကျောင်းအပ်နှံပါက ပြဌာန်းပုံနှိပ်စာအုပ် များနှင့် ဗလာစာအုပ်များအား အခမဲ့ ရရှိမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် ခဲတံနှင့် ကျောင်းဝတ်စုံ(၁)စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ဘောလ်ပင်နှင့် ခဲတံတို့အား အခမဲ့ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် KG+12 စနစ်သစ်ပညာရေးအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းမျာအား စတင်သင်ကြား သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ/ဆရာမ(၁၉၅၃)ဦးအား တက္ကသိုလ်များရှိ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများမှ (၁၀) ရက်ကြာ သင်တန်းများ ပို့ချခဲ့ပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်း အဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ သင်ယူနိုင်ရေးအတွက် ခရိုင်(၅၀)၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း(၅၁)ကျောင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိမိတို့ တိုင်းဒေသကြီး ခရိုင် (၄)ခုတွင် ဖွင့်လှစ်ခွင့်ရရှိခဲ့ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ကျောင်းအပ် နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးမှ “လှမ်းလာခဲ့ပါ ပညာနန်းမြေ” တေးသီချင်းဖြင့် သီဆိုခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက တေး သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ပညာရည်မြင့်မားရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဗဟိုအဆင့် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူ(၂)ဦးအား ဆုများ ပေးအပ်ချီးမြှင့်ကာ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ အတွက် အခမဲ့ ထောက်ပံ့သော ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေး (၁၀)ကျောင်းအတွက် White board နှင့် ကျောင်းသုံး စာရေးကိရိယာများအား ပေးအပ်လှူဒါန်းခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး၊ ကျောင်းသား/ကျောင်းသူ ကင်းထောက်မောင်မယ်များက “မွန်မြတ်ပြည့်စုံ ကင်းထောက်ဂုဏ်” တေးသီချင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဆားစည့်မှ ကျောင်းသား ကျောင်းသူ များက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကာ၊ ဖျော်ဖြေရေးအဖွဲ့ များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် ပညာရေးဆိုင်ရာ ခင်းကျင်းပြသထားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment