ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ


MNP ၊ မေ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လေဘေးသင့်ပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သောက်သုံးရေဖြန့်ဝေပေးနေမှုများအား သွားရောက်ကြည့်ရှုပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ထောင်စု(၈၂)စု အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အမိုးသွပ်များကို ထောက်ပံပေးအပ်ခဲ့သည်။


ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်မှာကြားခဲ့ကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အလားတူ ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ်ဇော်မင်းအေး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများ၊ စာကြည့်တိုက်များ၊ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အလှူငွေများပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့အတူ မြေပုံမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် သာသနိကအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အလှူငွေများလှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံရှိ လေဘေးသင့်ဒေသများမှ ဆေးကုသရန်ရောက်ရှိနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေးစကားပြေားကြားပြီး အာဟာရဒါနအဖြစ် ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းခဲ့သည်။


အလားတူ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဦးဥတ္တမပန်းခြံနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ မြို့နယ်ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ဇေယျသုခပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ဆေးကုသပေးမှုအခြေအနေမျာအား ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့သည်။


ထို့အတူ မြောက်ဦးခရိုင်၊ မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်မိုးလေဝသစခန်း၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်အားကစားခန်းမနှင့် ဘောလုံးပွဲကြည့်စင်များ ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုသည် တာဝန်ရှိသူများနှင့်အတူ သဘာဝဘေးဒဏ်သင့်ပြည်သူများအား ဒုတိယအကြိမ်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)