MNP ၊ မေ ၁၇
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝ ဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ် ဆယ်ရေး ပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသော ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ မုန်တိုင်းသင့်ပြည်သူ များအား ထောက်ပံ့လှူဒါန်းမည့် ဆန်အိတ်များ၊ ဆီပုံးများ၊ ဆားနှင့် စားသောက် ကုန်ပစ္စည်းများ၊ ရေသန့်စက်၊ သောက်ရေသန့်ဘူးများနှင့် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြန်လည် ကောင်းမွန်လာစေရန် ပြုပြင်တပ်ဆင်ဆောင်ရွက်မည့် ဆက်သွယ်ရေး စက်ကိရိယာ ပစ္စည်းများကို စစ်တွေသင်္ဘောဆိပ်သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် သယ်ယူ၍ အဆိုပါ မြို့နယ်များသို့ ဆက်လက်ပို့ဆောင်ရန် စက်လှေများပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သယ်ယူ ပို့ဆောင်ပေးကြသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အပြင် မုန်တိုင်းသင့် ပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ အသုံးပြု သောက်သုံး နိုင်ရေးအတွက် စစ်တွေမြို့ မေယုလမ်းမကြီးတွင် တပ်မတော် ရေသန့်စက် မော်တော်ယာဉ်များဖြင့် သောက်ရေသန့်များ ထုတ်လုပ်ပေးဝေ လှူဒါန်း လျက်ရှိရာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် တိုင်းမှူး တို့က သွားရောက် ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment