MNP ၊ မေ ၁
၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်း၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၀၀)ဦးတို့က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ကန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်များအား ရောင်လျှံတော်ဖွင့်ခြင်း၊ စေတီရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သာသနာ့နယ်မြေအတွင်း ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်နားနေနိုင်ရေးအတွက် ခြုံနွယ်များ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် များအား မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် ခရိုင်မီးသတ်ဦးစီးမှူးများ၊ မြို့နယ်မီးသတ် ဦးစီးမှူးများမှ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment