MNP ၊ မေ ၈
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ကြီးမှူးကျင်းပ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ဈေးကွက်ရှာဖွေပေးခြင်း၊ ဘဏ္ဍာရေးလိုအပ်ချက်များ အဖြေရှာပေးခြင်း၊ တီထွင်ဆန်းသစ်မှုကိုအားပေးခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ နည်းပညာအခက်အခဲများ ကူညီဖြေရှင်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းနှင့်ဖန်တီးပေးခြင်း၊ နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်ပေးခြင်းစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ၏ ၉၀ ရာခိုင်နှုန်း ကျော်သည် MSME များဖြစ်ကြောင်း၊ နိုင်ငံ စီးပွားရေးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လက်ရှိ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။
MSME လုပ်ငန်းများအနေဖြင့် အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုနိုင်ရေးအတွက် ဒစ်ဂျစ်တယ်အသုံးပြုမှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် “MSMEs Upskilling and Reskilling Digital Capacity Development Program for Integrating in the Digital Economy” စီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထို့အပြင် အာဆီယံဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက် ရေးအတွက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ MSME ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ အဖွဲ့အစည်းများနှင့် MSME တို့ သုံးဦးသုံးဖလှယ် ဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတော်က ကောင်းမွန်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး အဖွဲ့အစည်းများကလည်းချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်ပါပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်း အဖွဲ့များအပါအဝင် ပုဂ္ဂလိကကဏ္ဍဘက်ကလည်း ယခုထက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ က အသင်းကြီးမှ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအမံများကိုရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည် ပြည်တွင်း MSME ထုတ်ကုန်များ ခင်းကျင်းပြသ ထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
#MyanmarNationalPost

No comments:
Post a Comment