နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှု လိုအပ်သည်များ လမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှု လိုအပ်သည်များ လမ်းညွှန်မှာကြား










MNP ၊ မေ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၅ ရက်ညနေပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်ဦးလေဆိပ်သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


စူဋ္ဌာမဏိဂူဘုရားကြီး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများဖြစ် ပေါ်လျက်ရှိသည့် နရပတိစည်သူမင်းတည်ထားခဲ့သော စူဋ္ဌာမဏိဂူဘုရားကြီးသို့ ရောက်ရှိကြပြီး ရေစုပ်ထုတ်ရေးလုပ်ငန်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုဝန်ထမ်းအဖွဲ့များအား ကြည့်ရှုအားပေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်တို့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီများ ရေဝင်၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ရေစုပ်ထုတ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဘုရားစေတီများ၏ ပုရိဝုဏ်များအတွင်း မြေညှိခြင်းနှင့် မြေဖို့ခြင်းများကို ဆောင်ရွက်သွားရန်နှင့် နောင်တွင် ယခုကဲ့သို့ ရေဝင်ရောက်မှုများ မဖြစ်စေရေးရေထွက် ပေါက်များကိုလည်း စနစ်တကျ တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ ဘုရားကြီး၏ အတွင်းအပြင်အား ထိန်းသိမ်းရာတွင် သမိုင်းဝင်တန်ဖိုးကြီး အမွေအနှစ် ဖြစ်သည့်အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ရှေးဟောင်း လက်ရာနံရံဆေးရေး ပန်းချီများ ရေရှည်တည်တံ့စေရေးအတွက် မှန်ဖြင့်ကာရံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး စူဋ္ဌာမဏိဘုရားကြီးအား ဖူးမြော်ကြည်ညိုသည်။


ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား၊ ထီးလိုမင်းလို ဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးတို့သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှုသည်။


အာနန္ဒာဘုရား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အာနန္ဒာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကာ ဘုရားကြီးအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ရေဝင်၊ ရေဝပ်ခဲ့သည့်အခြေအနေများအားကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည်အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လို‌ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန်တွင် ရေဝင်၊ ရေဝပ်မှုများ မရှိစေရေးနှင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက ကြိုတင် စိစစ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အာနန္ဒာဘုရား၏မြောက်ဘက် မဟာရံတံတိုင်းနှင့်ကပ်လျက်တွင်ရှိသည့် အာနန္ဒာအုတ်ကျောင်း ထိန်းသိမ်းထားရှိမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ကျောင်းမုခ်ဦး ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အာနန္ဒာအုတ်ကျောင်းသည် အောက်ထပ်နံရံအပြည့်တွင် ကုန်းဘောင်ခေတ်နံရံဆေးရေးပန်းချီများ အပြည့်ပါရှိသော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အမြောက်အများပါရှိသည့် အတွက် ကြည့်ရှုလေ့လာသူများနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ တွက်ချက်မွမ်းမံဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးပါကအများပြည်သူများ နံရံဆေးရေးပန်းချီများကို လေ့လာရာတွင် အဆင်ပြေစေရေး တိုက်ရိုက်မဟုတ်သော မီးအလင်းပေးမှုကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အာနန္ဒာ အုတ်ကျောင်းသည်လည်း တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အမြောက်အများပါရှိသည့်အတွက် အုတ်ကျောင်း ကြီးတစ်ခုလုံးကို ခြုံငုံနိုင်သည့် အမိုးပါ အဆောက်အဦတစ်ခု တည်ဆောက်ကာရံနိုင်ရေး ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားပြီး အုတ်ကျောင်းအား လှည့်လည်ကြည့်ရှုသည်။


ထီးလိုမင်းလို ဘုရားကြီး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထီးလိုမင်းလို ဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအတွင်း၊ အပြင်နှင့် အထက်ပစ္စယံတို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များ ဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ခေတ်က ဘုရား၊ စေတီ၊ ပုထိုးများ တည်ဆောက်ရာတွင် အသုံးပြုသည့်ကော်ရည်ကို ဥသျှစ်သီး၊ တင်လဲရည်၊ ထုံး၊ အုတ်နီ မှုန့်၊ သဲတို့ကို ရောစပ်အသုံးပြုသည်ဟု သိရှိရပြီး တာဝန်ရှိသူများအနေဖြင့် ၎င်းကော်ရည် ဖော်စပ်မှုကို ယခင်ခေတ် နည်းလမ်းများအတိုင်း အချိုးအစား အမျိုးမျိုးဖြင့် သုတေသနပြု ရောစပ်ခြင်း၊ ဓာတ်ခွဲခြင်းများဖြင့် ဖော်ဆောင်စမ်းသပ်ဆောင်ရွက်ရန်လိုကြောင်း၊ စမ်းသပ်မှု အောင်မြင်ပါက ရှေးဟောင်းဘုရားစေတီပုထိုးများကို ပြုပြင်ရာ၌ ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။


ရွှေစည်းခုံစေတီတော်မြတ်ကြီး

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အနော်ရထာမင်းကြီးနှင့် ကျန်စစ်မင်းကြီးတို့ တည်ထားခဲ့သည့် ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး သဘာဝဘေးဒဏ်ကြောင့် ရေဝင်၊ ရေဝပ်ခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် မွမ်းမံထိန်းသိမ်းမှုများကို ဆောင်ရွက်သွားရန် လိုအပ်သည်များကို မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်မြတ်ကြီးရှိ ကျန်စစ်သားမင်းကြီး အတ္ထုပတ္တိကျောက်စာကို ကြည့်ရှုပြီး ကျောက်စာများသည် အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များဖြစ် သည့်အတွက် ယခုထက် ပိုမိုအဆင့်မြင့်စွာ ထိန်းသိမ်းထားရှိရန်လိုအပ်ကြောင်း၊ ကျောက်စာများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့သို့ ပြန်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ အလွယ်တကူလေ့လာသိရှိနိုင်ရေး Tablet များဖြင့် ပြသထားရှိရန်လိုကြောင်းဖြင့် မှာကြားသည်။


ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား၊ ထီးလိုမင်းလို ဘုရားကြီးနှင့် ရွှေစည်းခုံ စေတီတော်မြတ်ကြီးတို့သို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရေဝင် ရောက်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားစဉ် ဘက်စုံအလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂ ဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင် တောဘုရားတို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ရှေးလက်ရာမပြတ် အမြန်ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)