တန်ခိုးကြီး ရှေးဟောင်းဘုရားကြီးများ ထိခိုက်မှုမရှိအောင်စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ခိုးကြီး ရှေးဟောင်းဘုရားကြီးများ ထိခိုက်မှုမရှိအောင်စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား





MNP ၊ မေ ၁၆

ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းနယ်မြေရှိ ပုဂံယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ် ဦးမျိုးအောင်က ညောင်ဦးခရိုင်အတွင်း နှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေ၊ ဆည်/တာတမံများအတွင်းရေဝင် ရောက်မှုအခြေအနေ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု၊ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဘုရားအချို့နှင့် အဆောက်အအုံ အချို့ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှု၊ ဘုရားများအတွင်းသို့ ဝင်ရောက်ခဲ့သည့်ရေများကို ပြန်လည်စုပ်ထုတ်ခြင်း၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ မှု၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ တာဝါတိုင်ကျိုးကျ ပျက်ဆီး ခဲ့မှုအခြေအနေများ၊ ပုဂံဒေသကို Town Plan ရေးဆွဲပြီး ရေစီးရေလာများ ကောင်းမွန်စေရေးဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သဘာဝဘေးဒဏ်ကြောင့် ရှေးဟောင်းဘုရားများ ပျက်စီးခဲ့မှုအခြေအနေ၊ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ဘုရားများမှ ရေများစုပ်ထုတ်ပြီးမှု အခြေအနေ၊ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြကန်အတွင်း ရေဝင်ရောက်မှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ရေဝင်ရောက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် ရေစီးဆင်းမှုများကို ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရှေးဟောင်းဘုရားကြီးများအတွင်း ရေများထပ်မံဝင်ရောက်မှုမရှိစေရေး ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းပြီး ရေထွက်ပေါက်များ ဖောက်လုပ်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် မိုခါမုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှု အခြေအနေများကို လာရောက်ကြည်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုခါမုန်တိုင်း၏ လမ်းကြောင်းမှာ မိမိတို့နိုင်ငံ၏ အနောက်ဘက်မှ အရှေ့မြောက်ဘက်သို့ ဝင်ရောက်မည်ဟု သိရှိခဲ့ရကြောင်း၊ ထိုအထဲတွင် ပုဂံဒေသလည်းပါဝင်သည်ကို တွေ့ရှိရပြီး မုန်တိုင်းကြောင့် ပုဂံဒေသတွင် မိုးရွာသွန်းမှုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့်မိုခါမုန်တိုင်းတို့ ပေါင်းစည်းမိသွားပါက အလွန်ပြင်းထန်သည့် မုန်တိုင်းတစ်ခုဖြစ်လာမည်ဟု ပညာရှင်များ၏ သုံးသပ်ချက် အရသိရှိခဲ့ရသော်လည်း တောင်တရုတ် ပင်လယ်အတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းမှာ ပျက်ပြယ်သွားခဲ့သဖြင့် မိမိတို့နိုင်ငံအနေဖြင့် ထိခိုက်ဆုံးမှုဖြစ်ပွားနိုင်သည်ထက် များစွာသက်သာသွားခဲ့ကြောင်း။

သဘာဝဘေးအန္တရာယ်တွင် မိုးလေဝသကြောင့်ဖြစ်ပွားသည့် အန္တရာယ်နှင့် ငလျင်ဘေးဒဏ် အန္တရာယ်များရှိကြောင်း၊ သဘဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှု ဖြစ်ပေါ်ချိန်တွင်လည်း စနစ်တကျပြုပြင် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နိုင်ငံအတွက် အစားထိုးမရသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး တန်ဖိုးဖြတ်၍မရနိုင်သည့် ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သစ်ပင်များစိုက်ပျိုးရန်အတွက် မိမိအနေဖြင့် ယခင်ကတည်းက တိုက်တွန်းခဲ့ကြောင်း၊ မြေ Level များကို ထိန်းညှိနိုင်ခြင်းမရှိသဖြင့် ရေဝပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်မြေ Level များကို ထိန်းညှိပြီး ရေထွက်ပေါက်များစနစ်တကျ ဖောက်လုပ်ရန်လိုကြောင်း၊ ရှေးဟောင်းဘုရားကြီးများဖြစ်သဖြင့် ထိခိုက်လွယ်ကြောင်း၊ ထို့ကြောင့် တန်ခိုးကြီး ရှေးဟောင်းဘုရားကြီးများ ထိခိုက်မှုမရှိအောင်စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မဟာရံတံတိုင်းများနှင့် ရင်ပြင်တော်များကိုလည်း ရေဝပ်ခြင်းဖြင့် မထိခိုက်ရန်နှင့် ပြုပြင်ခြင်းများကို Check List များ ပြုစု၍ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း။

အလားတူ မိုးရွာသွန်းမှုများပြားချိန်၌ ဝင်ရောက်ခဲ့သည့် ရေများကို ပြန်လည်စုပ်ထုတ်ချိန်တွင် ရေထုတ်ချိန်၌ အခြားနေရာများထိခိုက်မှုမရှိစေရေး ရေထုတ်သည့် စနစ်ကို စနစ်တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံဒေသအတွင်း မြေနှင့်ပတ်သက်၍ Survey ပြုလုပ်ရန်လိုကြောင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေသည် ထိခိုက်ပျက်စီးမှုများ လုံးဝမဖြစ်ပေါ်ရန်လိုကြောင်း၊ ပုဂံဒေသတွင် သစ်ပင်စိုက်ပျိုးမှုနှင့်ပတ်သက်၍ နယ်မြေအတွက် အန္တရာယ်ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ်သကဲ့သို့ အပင်ပျိုများကိုလည်း ထပ်မံစိုက်ပျိုး ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ မရှိအောင်လည်းဆောင်ရွက်ရန်လိုသဖြင့် ဌာနဆိုင်ရာအလိုက် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်းတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သာယာလှပရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပန်းမန်များကို စိုက်ပျိုးရန်လိုကြောင်း၊ မျက်စိပသာဒဖြစ်ပြီး အရိပ်ရသည့် ပင်ကြီးမျိုးများကိုစိုက်ပျိုးရန်လိုပြီး အမြဲတမ်းစိမ်းစိုနေသည့် အပင်များကို စိုက်ပျိုး၍ ပတ်ဝန်းကျင်အလှအပကို ဖန်တီးပေးရန်လိုကြောင်း။

လမ်းများပေါ်တွင် ကားများမောင်းနှင်ချိန်၌ သဲများကြောင့် ဖုန်ထမှုမဖြစ် ပေါ်စေရေး သက်ဆိုင်ရာစည်ပင်သာယာဌာနမှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အဓိကကျသည့်လမ်းများကို နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းရန်နှင့် လမ်းများချောမွေ့စေရေးဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အခြားလမ်းသွယ်များကိုလည်း ချောမွေ့စေရေး အမြဲပြင်ဆင်ထိန်းသိမ်းနေရန်လိုကြောင်း။

ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ခရီးသွားများစနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းပစ္စည်းများ လျော့နည်းပပျောက်မှုမရှိစေရေး ပစ္စည်းလုံခြုံမှုများ ရှိအောင်ဆောင်ရွက်ရန်နှင့် တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းအနုပညာလက်ရာများ ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဈေးဆိုင်များ စနစ်တကျရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ရောင်းချလျက်ရှိသည့် ပစ္စည်းများကိုလည်း ပုဂံဒေသမှထုတ်လုပ်သည့် ပစ္စည်းများဖြစ်စေရေး (One Region One Product) ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာဧည့်သည်များအနေဖြင့် မိမိတို့နိုင်ငံရှိ ဈေးဆိုင်များကိုကြည့်၍ မြန်မာ တို့၏ ပုံရိပ်ကိုထင်ဟပ်စေနိုင်သဖြင့် စည်းကမ်းတကျရှိနေရန်လိုကြောင်း။

အလားတူ အစားအစာများနှင့်ပတ်သက်၍ ဒေသအစားအစာများဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို စွဲဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ပုဂံဒေသတွင် ပုန်းရည်ကြီးများထွက်ရှိသဖြင့် ပုန်းရည်ကြီးကို အခြေခံသည့် အဆင့်မြင့်ဒေသအစားအစာများကို ကြံဆဆောင်ရွက်နိုင်ကြောင်း၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေမှ ပြည်ပခရီးသွားများကို စွဲဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဆိုပါက ပုဂံဒေသသည်ယခုထက်ပိုမိုတိုး တက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)