မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးသို့ တက်ရောက်





MNP ၊ မေ  ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပြုရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်နှင့် တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးကွင်းဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကွင်းဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ မြန်မာနိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ စီးပွားရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးအဆင်ပြေမှသာ မိမိတို့ ဒေသလည်း ဖွံ့ဖြိုးတက်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဒေသခံ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်နှင့် စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ မကွေးတိုင်းဒေသကြီးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ငွေကျပ် (၁၀)ဘီလျှံကို ထုတ်ပေး ထားပြီးဖြစ်သောကြောင့် ဒေသခံတောင်သူများကို အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် လုပ်ငန်းအမျိုးအစားအလိုက် အတိုးသက်သာသောနှုန်းထားဖြင့် ထုတ်ချေးပေးသွားမှာဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများကလည်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် သီးထပ်၊ သီညှပ်အပြင် တစ်နှစ်ကို အနည်းဆုံး နှစ်သီးမှ သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်  လိုအပ်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင်မြင်၊ အတွင်းရေးမှူး ဦးအောင်မျိုးနိုင်နှင့် အဖွဲ့ဝင် ဦးဇော်လင်းတို့မှ မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများစိုက်ပျိုးသွားမည့် အခြေအနေများနှင့် စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးဧရိယာ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧက တိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးကို အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းဆပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)