MNP ၊ မေ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြို့နယ်အတွင်းရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန် မြို့နယ်အဆင့်စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၅၀ မှ ကော်မတီဝင်များ၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၆ ရွာမှ ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ၊ အားနည်းချက်များ၊ အားသာချက်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၅၀ မှ ကော်မတီဝင်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်ခဲ့သည့် ကျေးရွာ ၆ ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment