ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းပေးပို့နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့စေလွှတ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းပေးပို့နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့စေလွှတ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး


MNP ၊ မေ ၁၆

မြန်မာနိုင်ငံအတွင်း အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းဝင်ရောက်မှုကြောင့် သဘာဝဘေးသင့်ဒေသများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေနှင့်ပစ္စည်းများ ပေးပို့လှူဒါန်းနိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့စေလွှတ်နိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၆ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိုခါမုန်တိုင်းကြောင့် မိမိတို့ပြည်‌ထောင်စုထဲမှ ရခိုင်ပြည်နယ် အပါအဝင် အချို့သောဒေသများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်ကို သဘာဝဘေးအန္တ ရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာဗဟိုကော်မတီသို့ ငွေကျပ်သိန်း (၁၀၀၀) ပေးပို့လှူဒါန်းထားရှိပြီး မိမိတို့၏ ညီနောင်သားချင်း ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ဆက်လက်ပေးပို့လှူဒါန်းနိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့စေလွှတ်၍ အကူအညီပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်နှင့် အခြားဒေသများတွင် မိုခါမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ကချင်ပြည်နယ်မှ ရခိုင်ပြည်နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်အလိုက် လူမှုရေးအသင်းအဖွဲ့များ စနစ်တကျ စုဖွဲ့စေလွှတ်နိုင်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများ၊ ပစ္စည်းနှင့်ငွေသား လှူဒါန်း/ လက်ခံနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အများပြည်သူ အလွယ်တကူ ဝိုင်းဝန်းပါဝင် လှူဒါန်းနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများ စသည့် လုပ်ငန်းများအလိုက် အသေးစိတ် အစီအမံများကို အသီးသီးဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့အဖြစ် ခရိုင်အလိုက် စုစုပေါင်း လူဦးရေ(၁၀၀)ကျော်အား စနစ်တကျစုဖွဲ့မှုဖြင့် အဖွဲ့လိုက်စေလွှတ်နိုင်ရေး၊ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ အမြန်ဆုံးလှူဒါန်းပေးပို့နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ယင်းနောက် မွန်းလွဲ(၁)နာရီတွင် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မြေလွပ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုခွင့်တင်ပြလျှောက်ထားလာမှုများကို အမှန်တကယ် အကျိုးရှိထိရောက်သော အသုံးချမှုများဖြစ်စေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရန်နှင့် စိစစ်ခွင့်ပြုပေးမှုများကိုလည်း မြေပြင်တွင် အမှန်တကယ် အသုံးချမှုရှိ/မရှိ ပြန်လည်စစ်ဆေးတင်ပြရေး မှာကြားသည်။

ထို့နောက် ကော်မတီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ပြည်နယ်ကော်မတီထံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်/ အသုံးပြုခွင့် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲ (၃၄)တွဲ၊ အစိုးရက ခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲ(၆)တွဲနှင့် မြေပြင်အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ စိစစ်တင်ပြရန် အကြောင်းကြားမှုအပေါ် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

အလားတူ မေ ၁၅ ရက် ညနေ ၄ နာရီကလည်း အလွန့်အလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘေးသင့်ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့မှုများပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများနှင့် နိုင်ငံတော် မှသဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့သည့် သဘာဝဘေးသင့်ဒေသ များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် လူအင်အားအစုအဖွဲ့ဖြင့် သွားရောက်အကူအညီပေးနိုင်ရေး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများအပြင် အများပြည်သူများပါ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည့် အသေးစိတ်အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)