နာဂစ် နှင့် မိုခါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂစ် နှင့် မိုခါ



နာဂစ်မုန်တိုင်း သည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ လေတိုက်နှုန်းက တစ်နာရီကို မိုင်၁၃၀ ကနေ ၁၅၅ မိုင်းနှုန်းအထိ ပြင်းထန်စွာတိုက်ခိုက်ပြီး ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ စစ်တမ်းများအရ နာဂစ်မုန်တိုင်းမှာ လူဦးရေ ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ရပါတယ်။ လပွတ္တာမြို့နယ်တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


နာဂစ်အလွန် ၁၅နှစ်ခန့်အကြာ (၁၄-၅-၂၀၂၃) ရက်နေ့က ရခိုင်ကမ်းရိုးတမ်းကို ဦးတည်ပြီး ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ရဲ့ ဖျက်ဆီးမှုဒဏ်ကို ခံခဲ့ရပြန်ပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက်နေ့တွင် တိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ခု၌ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်နားနေဆောင် ၁ လုံး၊ လမ်းမီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံးနှင့်  အုတ်တံတိုင်း ၁ ခု ၊ ချင်းပြည်နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၅ ခု၌ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇ ခု၌ လူနေအိမ် ၁ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၃ ခု၊ လမ်းမီးတိုင် ၁ ခု၊ အုတ်တံတိုင်း ၃ ခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၇၂ ခု၌ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၂ လုံး၊ လမ်းမီးတိုင် ၁ လုံး၊ ဆိုင်းဘုတ် ၁ ခု၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၄ ခု၌ လူနေအိမ် ၂ လုံး၊ လမ်းမီးတိုင် ၉ ခု၊ အုတ်တံတိုင်း ၃ ခုနှင့် ဒေသခံပြည်သူများ၏ စိုက်ခင်း ၇၈ ခင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌ သာသနိကအဆောက်အဦ ၄ လုံး၊ ရခိုင်ပြည်နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ ၁၈၅ ခု၌ လူနေအိမ် ၅၈၈ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊  ဘုန်းတော်ကြီး ကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း  ၉ လုံး၊ ဈေး ၁  ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ လမ်းမီးတိုင် ၇  ခု၊ ထရန်စဖော်မာ  ၁ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၆ လုံး၊ အခြားပျက်စီးမှု ၁၈၁ ခု၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ  ရပ်ကွက်/ကျေးရွာ ၃၅ ခု၌ လူနေအိမ် ၁၅ လုံး၊ ဘုန်းတော် ကြီးကျောင်း ၁ ကျောင်း၊   စာသင်ကျောင်း ၄ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ လမ်းမီးတိုင် ၃၆ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၁ ကွင်း နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ခု၌ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅ လုံး၊ လမ်းမီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူ စစ်တွေမြို့ ၁ ဦး၊ တောင်ကုတ်မြို့ ၁ ဦး၊ ရေကြည်မြို့ ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး  ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ချင်းပြည် နယ်၊ ပလက်ဝမြို့တို့တွင် အသေးစိတ်ထပ်မံစစ်ဆေးမှုဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က (၁၅-၅-၂၀၂၃) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ နဲ့ ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာ စံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.ဝ)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၉၂.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၄၄)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၂၀)မှ (၁၃၀)မိုင်နှုန်းခန့်၊ မိုင် (၁၃၀)မှ (၁၃၇)မိုင်နှုန်းခန့်အထိ ထုတ်ပြန်ပေးခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အသီးသီးကို မိုခါမုန်တိုင်းက ဖျက်ဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အထက်မှာ ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။


၂၀၀၈ခုနှစ်မှာ ပြင်းထန်ဆိုးရွားလှတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်ကို ၁၅နှစ် ကြာအပြီးမှာ မိုခါမုန်တိုင်းနဲ့ ထပ်မံဖျက်ဆီးခဲ့ပြန်ပါတယ်။ နာဂစ်နဲ့ မိုခါ ရဲ့ သင်ခန်းစာကို ယှဉ်တွဲသုံးသပ်ကြည့်မယ်ဆိုရင် နာဂစ်မှာ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ကိုယ်တိုင်လည်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်တို့မှာ သုဿာန်တစပြင်ကဲ့သို့ ဖြစ်ခဲ့ရပါတယ်။

နှိုင်းယှဉ်သုံးသပ်ကြည့်မယ်ဆိုရင် နာဂစ်မုန်တိုင်းရဲ့ တိုက်ခတ်နှုန်းနဲ့ မိုခါမုန်တိုင်းရဲ့ လေတိုက်နှုန်းပြင်းအားဟာ သိပ်မကွာလှပါဘူး။ နာဂစ်မှာတော့ တစ်နာရီမိုင် ၁၃၀ နှုန်းအထက် တိုက်ခတ်သွားပြီး မိုခါမှာတော့ ၁၃၀ ဝန်းကျင်နဲ့ တိုက်ခတ်သွားတဲ့အခြေအနေမျိုးမှာ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုမှာ နာဂစ်က အလွန်အင်မတန် များပြားခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနှစ်ရပ်ကို ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် နာဂစ်တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ကာလမျိုးမှာ မိုးလေဝသ သတိပေးချက်တွေအပေါ် အလေးထားမှု အားနည်းတယ်။ တာဝန်ရှိသူတွေအပိုင်းကလည်း ဖိဖိစီးစီး ကြိုတင်အသိပညာပေး လုပ်ငန်းတွေ မလုပ်နိုင်ခဲ့ဘူး။ ဒေသခံပြည်သူတွေဟာ မုန်တိုင်းဖြစ်ပေါ်နေတဲ့အချိန်မှာတောင် ခရီးသွားလာမပျက် သွားလာနေကြရင်းက သေဆုံးမှု များပြားခဲ့ရတယ်။ ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ရတယ်။ 


အခု ဖြစ်ပေါ်ခဲ့တဲ့ မိုခါမုန်တိုင်းမှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကလည်း ကြိုတင်သတိပေးချက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတွေက ကြိုတင်ပြီး အသိပညာပေးလက်ကမ်းစာစောင်တွေ ပြည်သူတွေလက်ဝယ်အရောက် အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ မိုခါမုန်တိုင်းကြီးကို တားဆီးလို့မရပေမယ့် ကြိုတင်ရှောင်ရှား လို့ ရနိုင်သမျှ နည်းလမ်းတွေ အကုန်လုံး လုပ်ဆောင်နိုင်ခဲ့တယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ ကြိုတင်ပြောင်းရွှေ့ပေးထားရမယ့် ဒေသတွေကို ကြိုတင်ပြောင်းရွှေ့ပေးနိုင်ခဲ့တယ်။  နာဂစ် နဲ့ မိုခါ သေဆုံးမှုပမာဏ အရမ်းကို ကွာဟခဲ့တယ်။

နာဂစ်မုန်တိုင်းမှာ ကြိုတင်ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်မှု အားနည်းပြီး ယခုကြုံတွေ့ရတဲ့ မိုခါမှာတော့ နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင်က ကြိုတင်ပြီး သတိရှိရှိနဲ့ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရန် လမ်းညွှန်မှုပေးနိုင်ခဲ့တယ်။


ဒီလိုစီစဉ်ဆောင်ရွက်ပေးတဲ့ အခြေအနေမှာတောင် ဒေသခံပြည်သူတွေ အနေနဲ့ လာခါမှ လာရောဆိုတဲ့ ပုံစံမျိုး မပြောင်းမရွှေ့ဘဲ ပေကပ်နေတာ၊ လမ်းညွှန်မှုတွေကို လိုက်နာမှုအားနည်းတာတွေလည်း ဖြစ်တတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ နာဂစ်သင်ခန်းစာ ရှိထားတဲ့အတွက်ကြောင့်လည်း မိုခါမှာ အထိုက်အလျှောက် လိုက်နာမှုအားကောင်းလာတဲ့ အခြေအနေကြောင့်သာ သေဆုံးမှု အနည်းဆုံး ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကြိုတင်သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာမှု မရှိဘူး။ ပြောင်းရွှေ့သင့်တဲ့ နေရာတွေက မပြောင်းရွှေ့ကြဘူးဆိုရင် စစ်တွေမြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေလှိုင်းကြီးတွေ အလုံးအရင်း ဝင်ရောက်လာတဲ့ ဒဏ်ကြောင့် သေဆုံးမှု ထောင်ဂဏန်းအထိ မြင့်တက်သွားနိုင်ပါတယ်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီကလည်း နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ ကြိုတင်စီစဉ်ဆောင်ရွက်ရန် ရှိသည်များကို ကြိုတင်ဆောင်ရွက်ခဲ့ကြပါတယ်။ မုန်တိုင်းတိုက်ခတ်လာပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက်ပါ ကြိုတင်ပြင်ဆင်ပေးထားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာလည်း ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ ကိုယ်တိုင် ကြပ်မက်ပြီး ဌာနဆိုင်ရာအလိုက် လုပ်ဆောင်သင့်သည်များကို လမ်းညွှန်မှုပေးခဲ့ပါတယ်။ 


အရေးပေါ်အစည်းအဝေး ကျင်းပပြီး ပြန်လည်ထူထောင်ရေးအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များနဲ့ စေတနာရှင်များရဲ့ ပါဝင်လှူဒါန်းမှုကို လက်ခံပြီးတယ်ဆိုရင်ပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မိုခါမုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ စစ်တွေမြို့ကို ရောက်ရှိပြီး ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီနဲ့ တွေ့ဆုံကာ တင်ပြချက်များအပေါ် အလေးထားမှတ်သားပြီး ပြန်လည်ထူထောင်ရေးအတွက် လမ်းညွှန်ဆောင်ရွက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ကို နဂိုမူလအခြေအနေထက် ကောင်းမွန်အောင် ပြန်လည်ထူထောင်သွားဖို့လည်း လမ်းညွှန်မှာကြားခဲ့သလို ရရှိထားတဲ့ အလှူငွေများထဲက သိန်းပေါင်း (၇၀၀၀၀) ကို ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ထံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေကို တပ်မတော် လေယာဉ်တွေ၊ မော်တော်ယာဉ်တွေနဲ့ ရက်ပိုင်းအတွင်း အရောက်ပေးပို့နေတာကို မြင်တွေ့ရပါတယ်။ ဒါကတော့ နာဂစ်ကို အကောင်းဆုံး သင်ခန်းစာယူပြီး မိုခါမှာ ပြည်သူတွေ ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အခြေအနေတစ်ရပ်ကို သုံးသပ်တင်ပြခြင်းပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)