MNP ၊ မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယမန်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး သည် တာဝန်ရှိသူများနှင့်အတူ သံတွဲမြို့နယ်ရှိ သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုများ၊ သောက်သုံးရေကန်များ သိုလှောင်ထားရှိမှုအခြေအနေများ၊ လူနေအဆောက်အဦ များ ပျက်စီးဆုံးရှုံးခဲ့သည့်အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ မဒေးတောင်ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ မြောက်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် တာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဘုန်းတော်ကြီးကျောင်းများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ် လှူဒါန်းသည်။
ထို့အတူ ရသေ့တောင်မြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ရသေ့တောင်မြို့အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှု၊ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်နေမှု၊ လေဘေးသင့်ပြည်သူများအား သောက်သုံးရေ၊ အဝတ်အထည်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment