ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအကြိုအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအကြိုအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ



MNP ၊ မေ ၂

သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့်ဗုဒ္ဓနေ့အားရည်မှတ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲမင်္ဂလာ အခမ်းအနားအကြို အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅:၃၀ နာရီတွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင် ရင်ပြင်တော်အလယ်ရှိ ဘုရားကျောင်းဆောင်မဏ္ဍပ်၌ ကျင်းပသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ အခမ်းအနားကို "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့်၍ ဖွင့်လှစ်ကြသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဆရာတော်များထံ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းများဆက်ကပ်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာအပ်သော မေတ္တာသုတ်ပရိတ်တရာတော်များ နာယူကြည်ညို ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာ်တော်ထိန်းဂေါပကအဖွဲ့၊ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့၊ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှ ပေးဝေကြသည်။


ထို့နောက် ဆရာတော်ကြီးများမှ အန္တရာယ်ကင်းကမ္မဝါစာ ရွတ်ဖတ်တော်မူကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)