တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး နွေရာသီအခြေခံသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး နွေရာသီအခြေခံသင်တန်းဆင်းပွဲ ကျင်းပ






MNP ၊ မေ  ၂၆

ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နွေရာသီ အခြေခံ သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ပညာရေးမှူးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များအား အဆို၊ အက၊ အရေး၊ အတီး စသော အနုပညာရပ်များကို အခြေခံမှစ၍ ပြုစုပျိုးထောင်သင်ကြားပေးခြင်းဖြင့် နိုင်ငံ၏ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းမြှင့်တင်ရာရောက်ပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယဉ်ကျေးမှု၊စာပေ၊အနုသုခုမများကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းတတ်လာစေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုး သားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လူငယ်များအကြား စိမ့်ဝင် နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်က အဆို၊ အက၊ အရေး၊ အတီး နွေရာသီအခြေခံသင်တန်း ဆင်းပွဲအတွက် ငွေကျပ် သိန်း(၈၀)နှင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ ပံ့ပိုးပေးသော တယောများကို လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်း နည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး နွေရာသီအခြေခံ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ (၈/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မေလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ထုတ်ကုန်နှစ်ဆတိုးတက် မြင့်မားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို အရင်းမပျောက် လည်ပတ်ငွေအနေဖြင့် မတည်ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေး စက်မှုထုတ်ကုန်များကို နှစ်ဆမြင့်တက်စေလို၍ ဖြစ်ကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်၍ ပိုလျှံသည်များကို ပြည်ပပို့ကုန် အဖြစ် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘားအံမြို့နယ်တွင် ဆန်စက်လုပ်ငန်း၊ လှိုင်းဘွဲမြို့နယ်တွင် ဆီစက်လုပ်ငန်း၊ သံတောင်ကြီး မြို့နယ်တွင် ကော်ဖီလုပ်ငန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရှောက်၊သံပရာ ကုန်ချောထုတ်လုပ်ငန်း၊ မြဝတီမြို့နယ်တွင် အသားပြား ပြုထုတ်လုပ်ငန်းတို့ကို ပြည်နယ်အတွက် အလားအလာရှိသော ထုတ်ကုန်ငါးမျိုး အနေဖြင့် လျာထားပြီး လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများမှ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအဖွဲ့ဝင်များက ယခင်အပတ် (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးငွေ၊ လက်ကျန်ငွေ၊ အတိုးရငွေ နှင့် ဆက်လက်ထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိုးစပါးအတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး မြေပြင်ကွင်းဆင်း စိစစ်အကဲဖြတ် တွေ့ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကာ ဘားအံ၊ ကော့ကရိတ်၊ ဖာပွန်၊ ကြာအင်း ဆိပ်ကြီး၊ သံတောင်ကြီး၊ မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် မိုးစပါးစိုက်ပျိုးရာသီတွင် ချေးငွေထုတ်ချေးပေးမည့်အစီအစဉ်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ခဲ့သည့် လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းများမှ အတိုးကောက်ခံရရှိမှု အခြေအနေ၊ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားမှုတို့ကို ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)