မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် ဌာနအလိုက် ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် ဌာနအလိုက် ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား






MNP ၊ မေ ၁၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့်  တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ရောက်ရှိရာ ဌာနမှူး ဒေါ်သီရီမောင်က အလွန့်အလွန်အားကောင်းသော ဆိုက်ကလုန် မုန်တိုင်း(မိုခါ)၏ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံအဆင့်အရေးကြီးသည့် အစည်းအဝေးတစ်ရပ်လည်းဖြစ်ကြောင်း၊ အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)သည် ယနေ့နံနက် ၁၁ နာရီ တွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်များအရ စစ်တွေမြို့၏ အနောက်နှင့် အနောက်တောင်ဘက်မိုင် ၈၀ အကွာတွင် ရောက်ရှိနေပြီး မောင်တောဒေသနှင့် ၈၅ မိုင်အကွာတွင် ရောက်ရှိနေကြောင်း၊ လေတိုက်နှုန်းသည် ၁ နာရီလျှင် မိုင် ၁၃၀ မှ ၁၃၇ မိုင် အထိရှိနေကြောင်း၊ ဒီရေသည် အနည်းဆုံးပေ ၂၀ ခန့်အထိ ရောက်ရှိနိုင်သည်ကို နောက်ဆုံးအခြေအနေအဖြစ်သိရကြောင်း။

မုန်တိုင်းစက်ဝန်းအရ ပထမဆုံးထိခိုက်နိုင်သည့် ကျောက်ဖြူ၊ သံတွဲနှင့် မာန်အောင်မြို့တို့၏ အခြေအနေများကိုကြည့်မည်ဆိုလျှင် လေငြိမ်သွားသည့်သဘောကိုတွေ့ရပြီး အပျက်အစီးအနည်းငယ်ဖြစ်ပွားခဲ့သည်ကို ယခုနောက်ဆုံးအခြေအနေအဖြစ် သိရကြောင်း၊ မိုးလေဝသပညာရှင်များက မုန်တိုင်းဗဟိုချက်သည် စစ်တွေနှင့် မောင်တောပတ်ဝန်းကျင်သို့ ညနေ ၃ နာရီတွင် ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားကြောင်း။

အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမုန်တိုင်း(မိုခါ) မစတင်မီမေလ ၆ ရက်ကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုခေါ်ယူ၍ ရေးဆွဲပြီး သဘာဝဘေးအန္တရာယ်စီမံချက်များ၊ တည်မြဲအမိန့်များအပေါ်မူတည်၍ မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက်၊ ညွန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့် ကြိုတင်ပြင်ဆင် ဆောင်ရွက်စရာရှိသည်များကို ၉ ရက်ခန့် ကြိုတင်ပြင်ဆင်နိုင်ခဲ့ကြောင်း၊ မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့်  မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် ဌာနအလိုက် ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းတစ်လျှောက်နှင့် မုန်တိုင်းအဝိုင်းအဝန်းတစ်လျှောက်ကူညီကယ်ဆယ် ရေးဆောင်ရွက်နိုင်ရန်  ဝန်ကြီးဌာနအလိုက်လျာထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကော်မတီဝင်များက ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပုံမှန်အနေအထားသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ကာလ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်ရီက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)၏ လက်ရှိဖြစ်ပေါ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒေါက်တာသက်သက်ခိုင်တို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်စုဖွဲ့ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများရှိ ပြည်သူများအား သဘာဝဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှုများ၊ သဘာဝဘေးကျရောက်သည့်ဒေသများနှင့် ဆက်သွယ်မှုပြတ်တောက်ခြင်းမရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ မိုးလေဝသသတင်းများ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေမှု၊   သဘာဝဘေးကျရောက်သည့် ဒေသများသို့ ထောက်ပံ့နိုင်ရန် အရံဆန် ကြိုတင်ဝယ်ယူစုဆောင်းထားရှိမှုများနှင့် ဖြန့်ခွဲထားရှိမှုများ၊ ဆေးဝါး၊ အခြေခံစားသောက်ကုန်နှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်လျက်ရှိသည့် ဒေသများ၌  ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်လျက်ရှိသည့် ဒေသများ၌အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံအချို့နှင့် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (The AHA Centre) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အကူအညီပေးရန်ကမ်းလှမ်းမှု အခြေအနေများ၊ မုန်တိုင်းအလွန်ကာလ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်မည့်အစီအမံများ၊ မုန်တိုင်းနှင့်အတူပါရှိလာမည့် မိုးရွာသွန်းမှုများကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်နိုင်ခြေ၊ တောင်ကျချောင်းရေ လျှံနိုင်မှုအခြေအနေ၊ မြေပြိုနိုင်မှုအခြေအနေများနှင့် ဆည်မြောင်းတာမံများအတွင်း ရေဝင်ရောက်မှု များကြောင့် ရေကျော်နိုင်မှုအခြေအနေများ၊ ပြည်သူများထံ အချိန်နှင့်တစ်ပေးညီ သတင်းပေးပို့နိုင်ရေး စီမံဆောင်ရွက်မှုများ၊ သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေးနှင့် မုန်တိုင်းလွန်ကာလလျှပ်စစ်ဓာတ် အားပြတ်တောက်မှုမရှိစေ ဆောင်ရွက်မည့်အစီအမံများ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ၊ အလုပ်သမားရေးရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မည့်အစီအမံများ၊ မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေးနှင့် ပြည်လည်ထူထောင်ရေး၊သယ်ယူပို့ဆောင်ရေး ယာဉ်များစုဖွဲ့ခြင်းနှင့် ဆက်သွယ်မှုပြတ်တောက်ခြင်းမရှိစေရေး၊  ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရန်ပုံငွေများ ထုတ်ယူသုံးစွဲနိုင်ရေးတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ  ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မုန်တိုင်းအန္တရာယ် အသိပညာပေးဆောင်ရွက်မှုများ၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအသင့်ပြင်ဆင်မှု၊ ကျန်းမာရေးဆိုင်ရာစီမံဆောင်ရွက်ထားရှိမှု၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံဆောင်ရွက်ထားရှိမှု၊ အရေးပေါ်စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းစုဆောင်းပြင်ဆင်ထားရှိမှု၊ အရန်ဆန်သိုလှောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံးများဖွင့် လှစ်ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ ကနဉီးလိုအပ်ချက်စစ်တမ်းများကောက်ယူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ သတင်းထုတ်ပြန်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တို့မှ ကူညီကယ်ဆယ်ရေးယာဉ်များ စုဖွဲ့ပြင်ဆင်ထားရှိမှုများနှင့်စေ လွှတ်ထားရှိမှုများကို ရှင်းလင်းတင် ပြကြသည်။

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)