MNP ၊ မေ ၃
၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင် နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ဦးရာဇ်တော်ဂေါပကအဖွဲ့မှကြီးမှူး၍ ယနေ့၊ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး၏ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့ကြသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ဓမ္မစကြာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်က မေတ္တာသုတ်ပရိတ်တရား ဒေသနာတော်အားရွတ်ပွားပြီး၊ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျပေးဝေခဲ့ကြသည်။
ထိုနောက် ဆရာတော်အရှင်သူမြတ်နှင့်တက်ရောက်လာကြသူတို့က ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ စံဝင်နိဗ္ဗာန်နန်းဆိုသည့်အတိုင်း မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်အားရည်စူး၍ အမွှေးနံ့သာ ရည်တို့ဖြင့် ကဆုန် ညောင်ရေများ သွန်းလောင်းပူဇော်ခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment