MNP ၊ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကြွယ်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ် သန္တာအောင်၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ရှေ့ဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးကို အပြည့်အဝ သင်ကြားနိုင်ရေး စုပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးအေးကြွယ်မှ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်ပြည့်ပြီးသူတိုင်း KG တန်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ် သန္တာအောင်မှ အမှာစကားပြောကြားခြင်း၊ အ.မ.က မင်းပိုင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေး များက "ထာဝရစ္စာ" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများအား အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အ.ထ.က(ခွဲ)အ.လ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့် ဂုဏ်ပြု သီဆို၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment