မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ မြန်မာနိုင်ငံသို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ မြန်မာနိုင်ငံသို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း





MNP ၊ မေ ၂၁

ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” တိုက်ခတ်မှု ခံခဲ့ရသော မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယွမ် ၁ သိန်း တန်ဖိုးရှိသော သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို မေ ၂၀ ရက်တွင် ပေးအပ်လှူဒါန်းခဲ့သည်။ 

ထိုသို့ လှူဒါန်းသော အထောက်အပံ့ပစ္စည်းများတွင် သောက်သုံးရေ၊ ခေါက်ဆွဲခြောက်နှင့် ဘီစကွတ် စသည်တို့ ပါဝင်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Jia Junjieက ယမန်နေ့က ကျင်းပသည် လှူဒါန်းပေးအပ်ပွဲအခမ်းနားသို့ တက်ရောက်ခဲ့ပြီး သံရုံးကိုယ်စား မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်  နိုင်ငံတော်ဝန်ကြီးချုပ်ထံ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်လှူဒါန်းမှုသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြသခြင်းဖြစ်ကြောင်း ၊ မြန်မာပြည်သူများက အခက်အခဲအကျပ်အတည်းများကို မုချကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်သူများ၏ နေထိုင်မှုဘဝ ဆောလျင်စွာ ပုံမှန်ဖြစ်လာနိုင်ရေး တရုတ်နိုင်ငံအနေဖြင့် တတ်စွမ်းသမျှ ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံရုံးသို့ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံစသည့် ချစ်ကြည်ရင်းနှီးမှုရှိသောနိုင်ငံနှင့် အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကူညီပေးမှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

မကြာသေးမီရက်ပိုင်းများတွင်လည်း POWERCHINA ၊ CITIC ၊ PetroChina ၊ VPower ၊ Conch Cement စသည့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက သဘာဝကပ်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေသားအကူအညီများ ပေးအပ်လျက်ရှိပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ လမ်းများ၊ လျှပ်စစ်၊ ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အဦ ပြန်လည်ပြုပြင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment