စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားနိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှ ‌ဒေသခံပြည်သူများအား မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များနှင့် ယာယီခိုလှုံရာ စခန်းများသို့ ကူညီရွှေ့ပြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားနိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှ ‌ဒေသခံပြည်သူများအား မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များနှင့် ယာယီခိုလှုံရာ စခန်းများသို့ ကူညီရွှေ့ပြောင်း




MNP ၊ မေ ၁၃

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထား ရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိ သည်။           


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ရေကြည်မြို့တို့၌လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်မီးသတ်ရုံနေရာ ၌လည်းကောင်း အသီးသီး စုဖွဲ့၍ နယ်မြေခံတပ်မတော် သားများက ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်မှုများ၊ ပြင်ဆင်စုဖွဲ့မှုများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးကြပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပစ္စည်း များနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေ လုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။


ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားနိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေ တစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက မုန်တိုင်းဒဏ်ခံ   ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များ၊ မူလစီမံသတ်မှတ်ထားသည့် ယာယီခိုလှုံရာစခန်းအသီးသီးတွင် စနစ်တကျရွှေ့ပြောင်း နေရာချထားပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)