ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှ တာဝန်ရှိသူများအား တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး ကိစ္စရပ်များကို ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှ တာဝန်ရှိသူများအား တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး ကိစ္စရပ်များကို ဆွေးနွေး


MNP ၊  မေ  ၂၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်းဧည့်ခံ သော အလုပ်သဘော နေ့လယ်စာစားပွဲသို့  တက်ရောက်သည်။

အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ပါတီ အတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ် ယွမ်ငွေငါးသိန်း  (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကူမင်းမြို့၌ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများ အား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်း များနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက် ရရှိ ရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များသာမက စိုက်ပျိုးထုတ်လုပ် သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရေးတွင် အထောက်အကူဖြစ်ရေး၊ နယ်စပ်ဂိတ်များကို နည်းပညာသုံး၍  လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် (Single Win-dow)   ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်  တင်နိုင်ရေးတို့ကို   ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ် နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက   တင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေလီမြို့တွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍တရုတ် နိုင်ငံတစ်ဝန်းသို့ Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေးစင်တာသို့ သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်း ဆောင်ရွက်မှုကို  သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ တဲဟုန်မြို့ပြည်နယ်ခွဲ ပါတီအတွင်းရေးမှူး Mr. Jiang Shan ၊ ကုန်သွယ်မှုနှင့်   သက်ဆိုင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှု  လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဂိတ်များအကြား အခြေခံ အဆောက်အဦများ မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုအတွက် ဘဏ်စနစ် တိုးမြှင့်အသုံးပြုပြီး ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေး ပုံမှန်ကျင်းပနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြား တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)