“မိုခါ”(MOCHA)ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသော ဒေသများသို့ တပ်မတော်ကူညီကယ်ဆယ်ရေးယာဉ်စုများ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“မိုခါ”(MOCHA)ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသော ဒေသများသို့ တပ်မတော်ကူညီကယ်ဆယ်ရေးယာဉ်စုများ ထွက်ခွာ




MNP ၊ မေ ၁၂

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပ၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee- DMC) ကို မေလ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်း၍ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် ရှေ့ပြေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့်စားရေရိက္ခာများ ပို့ဆောင်ပြင်ဆင် စုဖွဲ့ထားခဲ့ပြီးဖြစ်သည်။ အလားတူ မေလ ၉ ရက်နေ့မှစတင်၍ တပ်မတော်လေယာဉ်ဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းမြို့များသို့ စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ပို့ဆောင် ပေးခဲ့သည်။


ယခုအခါ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံတကာ မိုးလေဝသတိုင်းထွာရေး ပညာရှင်များနှင့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ မေလ ၁၁ ရက်နေ့မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကာ မြန်မာကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်လာနေပြီး မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်လာမည်ဟု ခန့်မှန်းထုတ်ပြန်လာခဲ့သဖြင့် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အရေးပေါ်စားရေရိက္ခာများနှင့် သောက်ရေသန့်၊ စက်ယန္တရားများပါဝင်သည့် ယာဉ်အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ ယနေ့တွင် ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ မမျှော်မှန်းနိုင်သည့် အခြေအနေတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် အရန်စုဖွဲ့မှုအဖြစ် ပုသိမ်၊ ပြည်၊ မကွေး မြို့များသို့လည်းကောင်း စေလွတ်ခဲ့ကြောင်းနှင့် အဆိုပါယာဉ်စုများတွင် ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆောနှင့် လက်သုံးကိရိယာများ၊ အသက်ကယ်အင်္ကျီများ၊ အသက်ကယ် ဘောကွင်းများ၊ မိုးကာတဲနှင့် တာပေါ်လင်များ၊ အရေးပေါ်ဆေးသေတ္တာများ၊ ထိခိုက်ဒဏ်ရာများ အတွက် အရေးပေါ်ကုသဆေးများ၊ မြွေအဆိပ်ဖြေဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ၊ ရေသန့်စင် ဆေးပြားများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသဆေးများ၊ အရေးပေါ်ဆက်သွယ်ရေးစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် ယာဉ်ချို့ယွင်းပါက ပြင်ဆင်ရန် ယာဉ်အပိုပစ္စည်းများနှင့် ရေသန့်စင်ယာဉ်များ စသည်ဖြင့် အပြည့်အစုံပါရှိကြောင်း အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)