ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်






MNP ၊ မေ ၂၃

ကချင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဒေသတွင်း MSME လုပ်ငန်းရှင်များ ပါဝင်သည့် Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မေ ၂၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။


အဆိုပါ ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က MSME လုပ်ငန်းများသည် နိုင်ငံအတွင်းရှိစီးပွားရေး လုပ်ငန်းများအားလုံး၏ (၉၀) ရာခိုင်နှုန်းကျော်ဖြစ်သည့်အတွက် နိုင်ငံ၏ GDP တိုးတက်ရေး ဖြစ်စေ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက်ဖြစ်စေ အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ယခုကဲ့သို့ MSME လုပ်ငန်းများအတွက် ဒေသထုတ်ကုန်ပြပွဲ/ပြိုင်ပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် များကို ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့၏ထုတ်ကုန်များ၏ ထူးခြားအားသာချက်၊ ဒေသ၏ သဘာဝ အရင်းအမြစ်ပေါကြွယ်ဝမှုနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ပြသနိုင်ပြီး ပိုမိုကောင်းမွန်သည့် စီးပွားရေးရပ်ဝန်းတစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သဖြင့်အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်အေဂျင်စီ အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က MSME ဒေသထုတ်ကုန်ပြပွဲ/ပြိုင်ပွဲနှင့် Talk Show အစီအ စဉ်ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့တော်ခန်းမဝင်းအတွင်း ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များက ခင်းကျင်းပြသထားသည့် ပြည်နယ်၏ ဒေသထွက်ရိုးရာ ရက်ကန်း ထည်များ၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်များ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများ၊ ပယင်းအချောထည်များ၊ သဘာဝမြေသြဇာ၊ ရာဘာ၊ ရေခဲတောင်ဒေသထွက်ဆေးဝါးပစ္စည်းများ၊ တိုင်းရင်းဆေးဝါးပစ္စည်းများနှင့် စားသုံးဆီစသည့် MSME လုပ်ငန်းထုတ်ကုန်ပြခန်း (၃၂)ခန်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် မြို့တော်ခန်းမအတွင်း၌ MSME Talk Show ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဦးဆောင်၍ မြန်မာ့စီးပွား ရေးဘဏ်မှ ပြည်နယ်ဘဏ်မန်နေဂျာ၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူး များနှင့် တာဝန်ရှိသူများက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၏ ဥပဒေ၊ မူဝါဒဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့်ကိစ္စရပ်များ၊ ချေးငွေ ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူ များက သိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသထုတ်ကုန်ပြပွဲတွင် ပြခန်း ခင်းကျင်းပြသမှုနှင့် ထုတ်ကုန်များတီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးအဆင့်မီ ထုပ်ပိုးရောင်းချနိုင်မှု များအတွက် သတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဆုရရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ Talk Show အစီအစဉ်၌ ပါဝင်ဆွေးနွေး ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)