၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD အစိုးရ က မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇)(၄၁၈)တို့အရ တပ်မတော်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရပါတယ်။ အဲဒီလို လွှဲပြောင်းတာဝန်ယူခြင်းမပြုမီ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ဖို့ အပြုသဘောဆန်ဆန် တိုက်တွန်းခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းပါဘူး။ ဒီဆောင်းပါးမှာတော့ စာရှည်မည်စိုးတဲ့အတွက်ကြောင့် မဲလိမ်မဲခိုးမှု ဖြစ်စဉ်တွေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံရေးပါတီများက တောင်းဆိုခဲ့တာ၊ တပ်မတော်က တိုက်တွန်းခဲ့တာတွေကို အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။
တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ တစ်ဖက်က အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူများနဲ့ ၈၈ ကျောင်းသားအိုကြီးများအဖွဲ့က လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ ပြုလုပ်လာပုံကတော့ တပ်မတော်ကပဲ အာဏာလုယူသယောင်၊ ရွေးကောက်ခံ အစိုးရလက်ထဲကနေ အာဏာလုယူပါတယ်ဆိုပြီး လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလွှဲပြောင်းရယူခဲ့တဲ့ သက်တမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသည့်အတိုင်း ၁နှစ်သာ ဖြစ်ပါတယ်။ တပ်မတော် က အရေးပေါ်ကာလမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းပြီး တိုင်းရေးပြည်ရာကို တပ်မတော်ကသာ ဦးဆောင်တာမျိုးမဟုတ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်းရာမှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေကိုပါ ထည့်သွင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။
တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး (၃)ရက်ခန့် အကြာမှာပဲ NLD ဦးဆောင်သူတချို့နဲ့ ၈၈ ကျောင်းသားအိုကြီးများထဲ က မင်းကိုနိုင်၊ ဂျင်မီတို့ ပူးပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို အစပျိုးလုပ်ဆောင်လာခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ မှတ်မှတ်ရရ လှည်းတန်းလမ်းဆုံ အင်းစိန်လမ်းမကြီးပေါ်မှာ နိုင်ငံရေးမှိုင်းတိုက်ပြီး လွှတ်လိုက်တဲ့ လူငယ်တစ်စုက စနစ်တကျ ဇာတ်တိုက်ထားတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြမှုတွေကို စတင်ခဲ့ပါတယ်။ ဆန္ဒပြလူအုပ်စုထက် လှည်းတန်းဝန်းကျင် က ဆိုင်တွေက ထွက်ကြည့်ကြတဲ့ လူအုပ်စုက ပိုများပါတယ်။ အဲဒီနေရာကို ကိုယ်တိုင် သွားရောက် သတင်းယူရခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ လမ်းပေါ်တက်လာတဲ့အခြေအနေမှာတောင် သူတို့ကို ရှင်းလင်းဖယ်ရှားတာ၊ ဖမ်းဆီးအရေးယူတာမျိုး မလုပ်ပါဘူး။ လမ်းတစ်ဖက်ခြမ်းကို ဆန္ဒပြခွင့်ပေးထားပြီး တစ်ဖက်ခြမ်းကိုပဲ ယာဉ်အသွားအလာ ခွင့်ပြုပေးထားပါတယ်။ နောက်တော့ လမ်းပိတ်ပေးပြီး ဆန္ဒပြခွင့် ပေးထားခဲ့ပါတယ်။ အဲဒီကနေ စလိုက်တဲ့ ဆန္ဒပြမှုကို အကြောင်းပြုပြီး တစ်နိုင်ငံလုံးပါဝင်လာစေဖို့ မင်းကိုနိုင်တို့ က ပြည်ဖျက်မီဒီယာအုပ်စုကနေ တွင်တွင်ကျယ်ကျယ် လှုံ့ဆော်လာတဲ့အခါမှာတော့ တစ်နိုင်ငံလုံးဆန္ဒပြမှုတွေ အလျှိုလျှိုဖြစ်လာပါတော့တယ်။ နေပြည်တော်မှာတောင် ဆန္ဒပြမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။
သူတို့အပြောအရတော့ သူတို့တွေဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေပါတဲ့။ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေဟာ တစ်လလောက်ကြာတယ်ဆိုရင်ပဲ ဆန္ဒပြရုံတင်မဟုတ်တော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်စော်ကားမှုတွေ လုပ်ဆောင်လာသလို သူတို့နဲ့အတူ ဆူပူဆန္ဒပြမှုမှာ ပါဝင်ခြင်းမရှိတဲ့သူတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ တက်တူးထိုးတာ အစရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်တဲ့ အလုပ်တွေ စတင်လုပ်ဆောင်လာပါတယ်။
တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအနေနဲ့က သာမာန်ဆန္ဒပြမှုကနေ ဆူပူအကြမ်းဖက်မှုအထိ အရှိန်မြှင့်တင်လာတဲ့အချိန်မှာလည်း ဖမ်းဆီးအရေးယူမှုက မရှိသလောက်ပါပဲ။ ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ဂျင်မီ၊ မျိုးရန်နောင်သိန်း၊ လင်းလင်း(အဆိုတော်)၊ မောင်မောင်အေး (ဂတုံး)၊ ပန်ဆယ်လို၊ အင်းစိန်အောင်စိုး တို့ကို ပထမဆုံး ၅၀၅(က) နဲ့ အမှုဖွင့်တာကလွဲပြီး ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ကြသူတွေကို အရေးယူဆောင်ရွက်ခြင်း မရှိပါဘူး။
ဒီနေရာမှာ ပြန်လည်သုံးသပ်ရမယ့် အဓိကအချက်က တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူရတဲ့အချိန်မှာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်လုပ်ဆောင်လာခဲ့ပါတယ်။ ရှေ့လုပ်ငန်းစဉ်(၁) ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝ ရှိစေရန် အလေးထားလုပ်ဆောင်မည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တည်ငြိမ်အေးချမ်းရေး ကို အလေးထားလုပ်ဆောင်နေချိန်မှာ အာဏာလက်မဲ့ဖြစ်သွားသူများနဲ့ နိုင်ငံရေးလုပ်စားသူများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေရုံမျှမက အစိုးရယန္တရား ပျက်ပြားစေရန်အထိ ရည်ရွယ်ပြီး CDM လှုံ့ဆော်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ နစကအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၁)ကို ဖျက်ဆီးခဲ့ပါတယ်။
နစကရဲ့ ရှေ့လုပ်ငန်းစဉ်(၂) မှာ "တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်။" လို့ ချမှတ်ထားတာ ရှိပါတယ်။ နစကအစိုးရအနေနဲ့ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လုပ်ငန်းတွေ ပြန်လည်ထူမတ်နိုင်စေဖို့ ချေးငွေတွေ ထုတ်ပေးခဲ့တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတစ်ရပ် ထူထောင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို ခွဲဝေပေးခဲ့တယ်။ MSME လုပ်ငန်းတွေ အောင်မြင်တိုးတက်စေဖို့ နစကဥက္ကဋ္ဌ ကိုယ်တိုင် လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစိုးရအပိုင်းက ဘာတွေ ကူညီဖြေရှင်းဆောင်ရွက်ပေးရမလဲ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တယ်။ နစကရဲ့ ရှေ့လုပ်ငန်းစဉ် (၂)ကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့က လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရှိနေတဲ့အချိန်မှာ လျှပ်စစ်တာဝါတိုင်တွေကို ဗုံးခွဲ၊ မီးရှို့ပြီး ဖျက်ဆီးတယ်။ ကုန်စည်စီးဆင်းမှု နှောင့်နှေးအောင် ရထားကိုလည်း ဗုံးခွဲတယ်။ ကာလမ်းတွေကို ဖျက်ဆီးတယ်။ ကုန်တင်ကားတွေကို ဖမ်းဆီးမီးရှို့ဖျက်ဆီးမှုတွေ အထိ လုပ်ဆောင်ခဲ့ကြတယ်။ အစိုးရတစ်ရပ်ကို အကြပ်အတည်းတွေ့အောင် လုပ်ခြင်းမျိုးမဟုတ်တော့ဘဲ ပြည်သူတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝကိုပါ ထိခိုက်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
နစကရဲ့ ရှေ့လုပ်ငန်းစဉ်(၃) "စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။" လို့ ပါရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တိုင်းရင်းသားများအပိုင်းက ပြင်ဆင်လိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်ရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ အတိအလင်း ပြောဆိုထားတာ ရှိတယ်။ ဖက်ဒရယ်စနစ်တည်ဆောက်ရာမှာ အာဏာခွဲဝေးရေးဆိုင်ရာ လိုအပ်တဲ့ ပြဋ္ဌာန်းမှုတွေ ကြိုတင်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ခိုင်းတာကိုလည်း တွေ့လာရတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NUG(NLD) အကြမ်းဖက်အဖွဲ့ ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံကို ရေးဆွဲပြီး ပြောချင်ရာပြောနေတာတွေ ရှိတယ်။ ဘယ်ပါတီအဖွဲ့အစည်းရဲ့ သဘောထားမှ မလိုဘဲ သူတို့ကတော့ တစ်ပါတီအာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုမျိုးကို တွေ့မြင်လာရပါတယ်။
နစကရဲ့ ရှေ့လုပ်ငန်းစဉ်(၄) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။ ဒီကာလမှ တပ်မတော်က အစိုးရတာဝန်ကိုပါ ဆောင်ရွက်နေရတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှု တစ်ဖက်သတ်ရပ်စဲပေးတဲ့ ထုတ်ပြန်ချက်တွေ စဉ်ဆက်မပြတ် ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာလည်း ကြိုတင်ကန့်သတ်ချက်တွေမထားဘဲ လွတ်လပ်စွာ ခေါ်ယူဆွေးနွေးတဲ့ အခြေအနေမျိုးတွေ မြင်တွေ့လာရပါတယ်။ ဒီဆွေးနွေးမှုရလာဒ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပေါ်ပေါက်လာတဲ့အခါမှာ ပြင်ဆင်နိုင်ဖို့အထိ မျှော်လင့်ချက်ထားပြီး လုပ်ဆောင်လာတာမျိုးကို တွေ့ရပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NUG(NLD) အကြမ်းဖက်အုပ်စုဟာ ၂၀၁၅ အာဏာမရမီမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာအောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အလျှင်စလို လက်မှတ်မထိုးကြဖို့ နှောက်ယှက်ပြောဆိုခဲ့တာမျိုး ရှိသလို ယခုလို အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပြီး နောက်ပိုင်းမှာတော့ KNU, KIA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့နဲ့အတူ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာစေဖို့၊ သူတို့ရဲ့ အကြမ်းဖက်သမားများကို သင်တန်းပေးဖို့အထိ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်။
KNU, KIA အဖွဲ့တွေဟာ ငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်မလာကြဘဲ NUG(NLD) အကြမ်းဖက်အုပ်စုနဲ့ ပူးပေါင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို အကြမ်းဖက် လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်းများအဖြစ် ရပ်တည်ဆောင်ရွက်နေတာကို တွေ့လာရပါတယ်။
နစကရဲ့ ရှေ့လုပ်ငန်းစဉ်(၅) "အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။" လို့ ပြဆိုထားပါတယ်။ အရေးပေါ်ကာလ တပ်မတော်က တာဝန်ယူခဲ့တာ ၁နှစ်ပဲ ဖြစ်ပါတယ်။ အာဏာလက်မဲ့ဖြစ်သွားတဲ့ NUG(NLD) အကြမ်းဖက်အုပ်စုအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တာမျိုး မရှိဘူးဆိုရင် လက်ရှိအချိန်ကာလဟာ ဒီမိုကရေစီအသွင်ကူပြောင်းပြီး ဖြစ်နေရမယ့် ကာလပါ။ NUG(NLD) အကြမ်းဖက်အုပ်စု က အစဉ်တစိုက်ဆိုသလို အကြမ်းဖက်လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်။ အပြစ်မဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားလူငယ်တွေအထိ ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ပြန်လည်ဖော်ဆောင်ဖို့ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ရတယ်။ နစကအစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသည့်အတိုင်း (၆)လတစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ရတာ (၃)ကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကတော့ ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေထံက အကူအညီအထောက်အပံ့တွေ ရနေတဲ့အခါကြတော့ ငါတို့ရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီမဆန်တော့ဘဲ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်နေပါပေါ့လားဆိုတာကို ပြန်လည်သုံးသပ်ခြင်း မရှိဘဲ တပ်မတော်ကို အပြုတ်တိုက်တော့မှာလိုလို၊ မနက်ဖန် သို့မဟုတ် သဘက်ခါ သူတို့လက်ထဲကို အာဏာပြန်ရောက်တော့မှာလိုလို လုပ်ကြံဖန်တီး ပြောဆိုပြီး အကြမ်းဖက်မှုတွေကိုသာ အစဉ်သဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။
တပ်မတော်ကို တော်လှန်မှာလို့ ပြောသူများဟာ တပ်မတော်ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုသာ အဓိက ပစ်မှတ်ထားပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အုပ်စုရဲ့ သြဇာခံ PDF နဲ့ KNU, KNLA, KKO (ခွဲထွက်), KIA အစရှိသော အကြမ်းဖက်လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်နေကြတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ခြောက်ထောင်ကျော်အထိ သေဆုံးခဲ့ရပါတယ်။ NUG(NLD) အကြမ်းဖက်အုပ်စုရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့ဝင်တွေ သေဆုံးရတာလည်း မနည်းလှပါဘူး။
နစကအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်များနဲ့ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်များကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိဖို့ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရက လုပ်ဆောင်နေတယ်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေပါ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတွေပါ ဆိုတဲ့ NUG(NLD) အကြမ်းဖက်အုပ်စုရဲ့ လုပ်ရပ်တွေက ဒီမိုရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိမှာကို မလိုလားဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းသွားမှာကို မလိုလားတဲ့ သဘောကို သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။
NUG(NLD) အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အပြောနဲ့ အလုပ်ကို ချိန်ထိုးကြည့်တဲ့အခါ အပြောကတော့ ဒီမိုကရေစီရှင်သန်ထွန်ကားရေးအတွက် သူတို့က လုပ်နေသလိုလို။ လက်တွေ့ကျကျ လုပ်ဆောင်နေတဲ့ အလုပ်ကတော့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို နည်းမျိုးစုံစွာနဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းနေတဲ့ အကြမ်းဖက်လမ်းစဉ်ဖြစ်နေတာကို တွေ့ကြမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီလူတွေဟာ ဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားသူတွေလား၊ တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်လိုသူတွေလား အဖြေက ရှင်းနေပါပြီ။
နစကအစိုးရဘာလုပ်နေသလဲ မေးရင် သူတို့ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်နေတယ်။ NUG(NLD) က ဘာတွေ လုပ်ဆောင်နေသလဲမေးရင် နစကအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်များကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိအောင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတယ်။ ဒီလောက်နဲ့ မပြည့်စုံသေးဘူး။ စီးပွားရေး၊ ပညာရေး အဘက်ဘက်က ခြွတ်ခြုံကျအောင် အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ NUG(NLD) ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကောက်ချက်ချရရင် တပ်မတော်ကို အာဏာသက်ဆိုးရှည်အောင် လုပ်ပေးနေတာ သူတို့ပဲ ဖြစ်ပါတယ်။ တပ်မတော်အာဏာသက်ဆိုးရှည်မှ တပ်မတော်ကို အပုပ်ချစော်ကားပြီး သူတို့တတွေ နိုင်ငံရေးလုပ်စားလို့ ကောင်းမယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေထံက အထောက်အပံ့ကောင်းတွေ ရမယ်။ တပ်မတော်ကလည်း တည်ငြိမ်အေးချမ်းတဲ့အခြေအနေကို မရောက်ရင် သူတို့တာဝန်မကျေသေးဘူး။ အာဏာလက်မဲ့ ဖြစ်သွားတဲ့သူတွေကလည်း တည်ငြိမ်အေးချမ်းသွားမှာမျိုးကို လုံးဝမလိုလားဘူး။ ပြည်သူတွေကတော့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်လိုပါပဲ။ NUG(NLD) အကြမ်းဖက်အုပ်စုဘက်ကို မပါဘဲနေပြန်တော့လည်း PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ်။ NUG(NLD) အကြမ်းဖက်အုပ်စုရဲ့ သြဇာခံ လက်ပါးစေအဖြစ်နဲ့ PDF အကြမ်းဖက်အဖွဲ့ထဲ ဝင်ပါပြန်တော့လည်း NUG(NLD) အကြမ်းဖက်အုပ်စုနဲ့ ပြည်ဖျက်မီဒီယာတွေဟာ အမေရိကန်နဲ့ အိုအိုင်စီထံက အထောက်အပံ့ယူပြီး အဓိကလှုပ်ရှားနေတာ ဖြစ်တဲ့အတွက် သူတို့ခိုင်းစေတဲ့အတိုင်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်တွေကို လိုက်ပါ လုပ်ဆောင်ရမယ်။ လူ့မိစ္ဆာလေးတွေ အကြမ်းဖက်ဝါဒီလေးတွေ ဖြစ်လာမယ်။
အနာရှိရင် ဆေးရှိတယ်လို့တော့ ပြောကြတာပဲ။ ဒီအနာကို ကုစားဖို့ သုတေသနပြု ဆေးဝါးဖော်စပ်ဖို့ ကြိုးနေတယ်ဆိုရင်တော့လည်း ဆေးတွေ့မှာပေါ့လေ။ အနာကတော့ အဆိုးဆုံးအခြေအနေကို ရောက်နေပြီ။ သုတေသနမလုပ်ဘူး။ ဆေးမဖော်ဘူးဆိုရင်တော့လည်း ဒီအနာပျောက်ကင်းဖို့က မလွယ်ပါဘူးလေ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment