ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက သံဃာအပါး (၁၀၀၀)တို့အား ဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနား ကျင်းပ၊ ယနေ့ ည ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက သံဃာအပါး (၁၀၀၀)တို့အား ဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနား ကျင်းပ၊ ယနေ့ ည ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်မည်













MNP ၊ ဇွန် ၁၈

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက စုပေါင်း၍ သံဃာတော်အပါး(၁၀၀၀)တို့အား လှူဖွယ်ဝတ္ထုများ စုပေါင်းလှူဒါန်းသည့် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ရေစက်ချအနုမောဒနာအခမ်းအနားကို နံနက်(၇:၃၀) နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်များ၊ တိပိဋကဓရဆရာတော်များ၊ ဗီယက်နမ်ဆရာတော်များ ကြွရောက်တော်မူကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ်လူမျိုးအလှူရှင်များ၊ ရက္ခိတစွမ်းအားပရဟိတအဖွဲ့မှအလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဓဇ ဘဒ္ဒန္တပညာဓဇထံမှ ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာကြားခြင်း၊ ဆရာတော်ကြီးများအား ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဓပါလ(ရမ္မာဝတီဆရာတော်) က ဝမ်းမြောက်သာရဏီယကထာစကား မြွက်ကြားခြင်းနှင့် အနုမောဒနာတရားချီးမြှင့်ခြင်း၊ ဗီယက်နမ်ဆရာတော် ဦးသမ္မာဒိဋ္ဌိက ကျေးဇူးတင်ဝမ်းမြောက်စကားမိန့်ကြားခြင်း၊ ရက္ခိတစွမ်းအားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်မောင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗီယက်နမ်ဆရာတော် ဦးသီလဂုဏထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်များ၊ တိပိဋကဓရဆရာတော်များ၊ ဗီယက်နမ်ဆရာတော်များနှင့် ပင့်သံဃာတော်များ စုစုပေါင်းသံဃာတော်အပါး(၁၀၀၀)တို့ကို ရင်ပြင်တော်တောင်ဘက်ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီးလောင်းလှူခြင်းအခမ်းအနားကိုကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)မိသားစုဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက လှူဖွယ်ဝတ္ထုများလောင်းလှူခဲ့ကြသည်။ 


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်များ၊ တိပိဋကဓရဆရာတော်များ၊ ဗီယက်နမ်ဆရာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။


ယနေ့ညနေ(၁၈ ၃၀)အချိန်တွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဓပါလ(ရမ္မာဝတီဆရာတော်)ဦးဆောင်၍ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်သွားမည် ဖြစ်ပါသည်။



#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)