MNP ၊ ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ ပြည်သူများတို့၏ လိုအပ်သည့် ကျန်းမာရေးကိစ္စရပ်များအား အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တာလယ်ကျေးရွာအုပ်စု၊ တာလယ်ကျေးရွာရှိ တာလယ်တိုက်နယ်ဆေးရုံကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရုံဖွင့်ပွဲတွင် တက်ရောက်လာကြသည့် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တာလယ်ကျောင်း ဆရာတော်ထံ ငါးပါးသီလခံယူခြင်းနှင့် ကြွရောက်လာကြသည့် ဆရာတော်များထံ ပရိတ်တရား ဒေသနာတော်များကို ကြည်ညိုကြသည်။ ထို့နောက် လှိုင်းဘွဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဝင်းသန်းဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသတာဝန်ရှိ အဖွဲ့အစည်းများတို့မှ ဆရာတော်/သံဃာတော်များတို့အား နဝကမ္မအလှူတော်ငွေများနှင့် ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှိုင်းဘွဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာစောငြိမ်းထွန်း ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများတို့၏ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းသန်းဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့မှ တိုက်နယ်ဆေးရုံ၏အတွင်း/အပြင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ထိုဖွင့်ပွဲအခမ်းအနားတွင် ဒေသဆိုင်ရာကျောင်းဆရာတော်များ၊ ဒေသတာဝန်ရှိအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် သွားလာရေးခက်ခဲသည့် ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ ပြည်သူများတို့၏လိုအပ်သည့် ကျန်းမာရေးကိစ္စရပ်ကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး
https://t.me/MyanmarNationalPost

No comments:
Post a Comment