ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ သင်ကြားရေး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီနှင့် ဆွေးနွေးညှိနှိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ သင်ကြားရေး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီနှင့် ဆွေးနွေးညှိနှိုင်း




MNP ၊ ဇွန် ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဝင်များနှင့် Virtual စနစ်ဖြင့် တွေ့ဆုံကာ ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ သင်ရိုးညွှန်းတမ်းများ သင်ကြားရေး ဆွေးနွေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကပညာရေးဥပဒေကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၀/၂၀၂၃ ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများသည် အဆိုပါ ဥပဒေပုဒ်မ ၃၂ (က) (ခ) နှင့် (ဂ) တို့တွင် ဖော်ပြထားသော ပြဌာန်းချက်များနှင့်အညီ သင်ရိုးညွှန်းတမ်းများကို လိုက်နာသင်ကြားကြရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၃၂ (က)တွင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာ ကျောင်းများမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်အပါအဝင် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီကသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်းဟုပြဋ္ဌာန်းထားရာ ပြဌာန်းထားသောဘာသာရပ်အားလုံးကို သင်ရိုးညွှန်းတမ်းအပြည့်အစုံ သင်ကြားရန်ဖြစ်ကြောင်း။


ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသား ကျောင်းသူများ မြန်မာ့ယဉ် ကျေးမှုဓလေ့ထုံးတမ်းများကို မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန် အလေးထားသင်ကြားပေးရေးအတွက် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော် ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဤကောင်းမွန်သော အလေ့အကျင့်များ၊ စိတ်ဓာတ်ကောင်းများကို သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုစနစ်များက ပြုစုပျိုးထောင်ပေးနိုင်သဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူလျက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသော အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဝင်များနှင့် ဥပဒေပညာပါမောက္ခများက ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)