တရုတ်နိုင်ငံသည် တည်ငြိမ်မှု၊ ရေရာမှု၊ အပြုသဘောဆောင်မှုရှိသော တရုတ်-အမေရိကန် ဆက်ဆံရေးကို အားထား တည်ဆောက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံစဉ်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံသည် တည်ငြိမ်မှု၊ ရေရာမှု၊ အပြုသဘောဆောင်မှုရှိသော တရုတ်-အမေရိကန် ဆက်ဆံရေးကို အားထား တည်ဆောက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံစဉ်ပြောကြား

 


ပေကျင်း၊ ဇွန် ၁၉ 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း အနိမ့်ဆုံးအခြေအနေဖြစ်ရာ ၎င်းမှာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီမှုမရှိသလို နိုင်ငံတကာအသိုက်အဝန်း၏ဘုံမျှော်လင့်ချက်နှင့်လည်း လျော်ညီမှု မရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အမေရိကန်အပေါ်ထားရှိသော မူဝါဒသည် အစဉ်အမြဲ စဉ်ဆက်မပြတ် တည်ငြိမ်မှုရှိရာ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုဟူသောမူကို အခြေခံလိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းမှာလည်း နှစ်နိုင်ငံအနေဖြင့် အတူတကွ လက်ကိုင်ထားသင့်သည့် စိတ်ဓာတ်၊ အတူတကွ လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်း၊ အတူကြိုးပမ်းဖော်ဆောင်သင့်သည့် ရည်မှန်းချက် ဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် တည်ငြိမ်မှု၊ ရေရာမှု၊ အပြုသဘောဆောင်မှုရှိသော တရုတ်-အမေရိကန် ဆက်ဆံရေးကို အားထား တည်ဆောက်လျက်ရှိကြောင်း၊ အမေရိကန်၏ တရုတ်နိုင်ငံအပေါ် သိမြင်မှုများက ဓမ္မဓိဋ္ဌာန်ကျရန်၊ တရုတ်နိုင်ငံနှင့်အတူ ဦးတည်ချက်တူ လျှောက်လှမ်းသွားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး နိုင်ငံရေးအခြေခံကို ကာကွယ်ထိန်းသိမ်း၍ တည်ငြိမ်မှု၊ ကျွမ်းကျင်မှု၊ ဆင်ခြင်တုံတရားရှိမှုတို့ဖြင့် ရုတ်တရက်ဖြစ်ပွားသော ကိစ္စရပ်များကို ကိုင်တွယ် စီမံရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်၏ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်များကို တိကျစွာ အကောင်အထည်ဖော်၍ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေထိုးကျနေမှုကို ရပ်တန့်အောင်နှင့် တည်ငြိမ်အောင်၊ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

ချင်ကန်းက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ဗဟိုအကျိုးစီးပွားနှင့် အဓိကအလေးထားမှု ဖြစ်သည့် ရပ်တည်ချက်ကို ပြောကြားပြီး တိကျပြတ်သားသော တောင်းဆိုချက်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ချင်ကန်းက ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ ဗဟိုအချက်အချာ ဖြစ်သလို တရုတ်-အမေရိကန်ဆက်ဆံရေးတွင် အကြီးဆုံးပြဿနာ နှင့်အထင်ရှားဆုံးအန္တရာယ် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာရန်နှင့် “ထိုင်ဝမ် လွတ်လပ်ရေး” ထောက်ခံခြင်းမပြုပါဟူသော ကတိကဝတ်ကို အမှန်တကယ် ဖော်ဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက် တွေ့ဆုံမှုတွင် တရုတ်-အမေရိကန် အလုံးစုံဆက်ဆံရေးနှင့် အရေးကြီးကိစ္စရပ်များကို အချိန်ကြာရှည် ပွင့်လင်းနက်ရှိုင်းစွာ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဘာလီကျွန်း တွေ့ဆုံဆွေးနွေးမှုမှရရှိသော သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို ထိရောက်စွာ စီမံထိန်းချုပ်ရန်၊ တွေ့ဆုံ ဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် အဆင့်မြင့်ဆက်ဆံရေးကို ထိန်းသိမ်းထားရန် သဘောတူညီခဲ့ကြရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို အမေရိကန်သို့ အလည်အပတ်ခရီးလာရောက်ရန် ဖိတ်ကြားခဲ့ရာ နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် အမေရိကန်သို့ အလည်အပတ်ခရီးသွားရောက်လိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းညွှန်မူ ဆွေးနွေးမှုကို ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ပူးတွဲ လုပ်ငန်းအဖွဲ့တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်တွန်းအားပေး၍ နှစ်နိုင်ငံဆက်ဆံရေး အသေးစိတ်ကိစ္စရပ်များအား ဖြေရှင်းကြရန် သဘောတူညီခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်မှု တိုးချဲ့ဆောင်ရွက်ရေးကို ထောက်ခံအားပေးရန် သဘောတူညီခဲ့ကြရာ တရုတ်-အမေရိကန် ခရီးသည်တင်လေကြောင်းခရီးစဉ် ထပ်တိုးရေး ဆောင်ရွက်ရန် ၊ ကျောင်းသား/ကျောင်းသူ၊ ပညာရှင်၊ ကုန်သည်စီးပွားလုပ်ငန်းရှင်များ အပြန်အလှန် သွားလာလည်ပတ်မှုကို ကြိုဆိုရန်နှင့် ထို့အတွက် ထောက်ခံအားပေးမှုနှင့်အဆင်ပြေလွယ်ကူစေရေးပံ့ပိုးပေးရန် သဘောတူညီခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် အတူဂရုပြုကြသော အရေးကြီး နိုင်ငံတကာရေးရာနှင့်ဒေသရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။  


Ref - Xinhua

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)